spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်၊ကရင်နှင့် တနင်္သာရီတွင် ဇူလိုင်လအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၆ဝ နီးပါးသေဆုံး

    မွန်၊ကရင်နှင့် တနင်္သာရီတွင် ဇူလိုင်လအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၆ဝ နီးပါးသေဆုံး

    -

    မြန်မာနိုင်ငံတောင်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အရပ်သားပြည်သူ ၆၀ နီးပါးသေဆုံးခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေး‌ဖောင်းဒေးရှင်း (HURFOM )မှ အချက်အလက်အရ သိရသည်။

    စစ်ကောင်စီမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပိုမိုလုပ်ဆောင်လာခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှု အမျာဆုံးဖြစ်ပွားခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ ဆိုသည်။

    ” ဇူလိုင်လက လူ့အခွင့်အရေးရဲ့ လစဉ်ခြုံငုံသုံးသပ်ချက် စာရင်းမှတ်တမ်းအရ လူတွေသေဆုံးခဲ့ရတာများတယ်၊ ၅၃ဦးနဲ့ ၅၈ ဦးကြားမှာ သေဆုံးခဲ့ရတယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သာရီ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ focus ထားတဲ့ဒေသတွေပေါ့၊ ထိခိုက်ဒဏ်ရာရတာ ၁၀၀ကျော်တယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်းဒေးရှင်း၏ ပြောရေဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

    တစ်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်၂နှစ် အရွယ်ကလေးနှင့် အသက် ၁၅နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် အသက်ကြီးပိုင်းအမျိုးသား၊အမျိုးသမီးတို့ သေဆုံးခဲ့ရပြီး ကော့ကရိတ်မြို့နယ်၊ဘီးလင်း၊ကျိုက်ထို၊ကျိုက်မရော၊ ရေးနှင့် ရေဖြူမြို့နယ်တို့တွင် နေအိမ် ၁၂၀ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအတွင်းသို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာအများအပြားရရှိခဲ့သည့် အဆိုပါဖြစ်စဉ်သည် မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အဆိုးဝါးဆုံး အစုလိုက်သတ်ဖြတ်မှုဖြစ်ခဲ့သည်။

    လက်နက်ကြီးအပြင် ဇူလိုင်လအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး ရေဖြူ၊ ထားဝယ်၊ ရေးနှင့် ကော့ကရိတ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒေသခံ ၁၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း HURFOM မှ အချက်အလက်အရ သိရသည်။

    မွန်၊ ကရင်၊ တနင်္သာရီတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ လူ့အခွင့်အရေးချို့ဖောက်မှုတို့ကို နည်းမျိုးစုံနှင့်ပြုလုပ်နေပြီး မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၆ နှစ်တာကာလအတွင်း စစ်ကောင်စီအဖွဲ့၏ သတ်ဖြတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇၀ နီးပါးသေဆုံးခဲ့ရသည်ဟုလည်း လဂွန်းအိမ်စာစဉ်မှ ဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks