ရှမ်းပြည်နယ်တောင်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ ကာကွယ်စောင့်ရှောက်သွားမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ကျင်းပခဲ့သည့် ၆ လပတ် အစည်းအဝေး ထုတ်ပြန်ကြေညာတွင် အထက်ပါ ဖော်ပြခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများကြောင့် ရှမ်းပြည်သူထုသည် အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများတို့သည် အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရခြင်းအပေါ် RCSS အနေဖြင့် စိတ်မကောင်းရကြောင်းလည်း ဆိုသည်။
စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်း အကျိုးဆက်အားဖြင့် တိုင်းပြည်အနှံ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖြစ်ပွားခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် နေရာဒေသအသီးသီးတွင် လူဆိုး၊ သူခိုး၊ ဓါးမြတို့ များပြားလာခြင်းတို့သည် ပြည်သူလူထုကို လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြီးစွာ ကြုံတွေ့စေသည်ဟုလည်း RCSS က ပြောဆိုထားသည်။
ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ကြရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသွားရန် RCSS က ထုတ်ပြန် တိုက်တွန်းထားသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားပြီး လွယ်တိုင်းလျဲန်းတွင် ဌာနချုပ် ထားရှိကာ ရှမ်းပြည်နယ်တစ်ဝှမ်း လှုပ်ရှားသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။