Homeသတင်း၂၀၂၄ ခုနှစ်အတွင်း အရပ်သားနေအိမ် ၁၅၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

၂၀၂၄ ခုနှစ်အတွင်း အရပ်သားနေအိမ် ၁၅၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

-

စစ်အာဏာသိမ်းထားသည့်၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝှမ်း စစ်ကောင်စီလက်အောက်ခံအဖွဲ့သားတို့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၅၀၀၀ နီးပါး ပျက်စီးခဲ့ရသည်ဟု Data For Myanmar မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စစ်ရေးပြင်းထန်ခဲ့ခြင်းကြောင့် အရပ်သားနေအိမ် ထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင်လည်း မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ လက်အောက်ခံအဖွဲ့သားတို့သည် အများအားဖြင့် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သဘောၤတို့မှ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တို့ မီးလောင်ပြာကျခဲ့ရသည်။

၎င်းအပြင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီအဖွဲ့မှ ရေတပ်၊လေတပ်ဖြင့် ပစ်ခတ်မှုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ဂျိုင်းမြစ်ဝှမ်းတစ်လျှောက် အိမ်ခြေ ၄၁၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတို့လက်ရှိအချိန်အထိ စားဝတ်နေရေးနှင့် အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

Data For Myanmar မှ အချက်အလက်အရ ပြီးခဲ့သည့် ဇွန်လတွင်လည်း နိုင်ငံတစ်ဝှမ်း နေအိမ်ပေါင်း ၁၀၀၀ ကျော် စစ်ကောင်စီမှ မီးရှို့ခဲ့သည့်အနက် တနသာၤရီတိုင်း ရေဖြူမြို့နယ် မျောက်ချောရွာတွင် နေအိမ်ပေါင်း ၇၀ နီးပါးနှင့် ရေဖြူတောင်ပိုင်းရှိ မူးဒူး(အနောက်)ရွာတွင်လည်း နေအိမ် ၅ လုံး မီးရှို့ခံရသည့်ဖြစ်စဉ်တို့လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

နေအိမ်မီးရှို့ဖျက်စီးခံရမှုကြောင့် ကျေးရွာအချို့တွင် ဒေသခံများနေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရသဖြင့် နေရပ်စွန့်ခွာထွက်ပြေးရသဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ဒေသခံလူမှုအဖွဲ့အစည်းတို့၏ လုံလောက်သည့်ကူညီပံ့ပိုးမှုတို့ မရရှိနေပေ။

လက်ရှိအချိန်အထိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းအင်အားစုကြား စစ်ရေးဆက်လက်ပြင်းထန်နေပြီး၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် မြို့ရွာများနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံနေသည့် ကျေးရွာမျာကို မီးရှို့ဖျက်စီးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု Data For Myanmar မှ အစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။

နိုင်ငံတစ်ဝှမ်းအနေဖြင့် စစ်အာဏာသိမ်းချိန်မှစ၍ ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၉၅၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts