Tuesday, March 31, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွရွာထဲ စစ်တပ်က ပြန်နေထိုင်ခွင်ပြုနေသော်လည်း ဒေသခံအများစု မနေရဲ

    ချောင်းနှစ်ခွရွာထဲ စစ်တပ်က ပြန်နေထိုင်ခွင်ပြုနေသော်လည်း ဒေသခံအများစု မနေရဲ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာထဲကို စစ်ကောင်စီတပ်ဘက်က ပြန်ဝင်ခွင့်ပြုနေသော်လည်း ရစရာမရှိအောင် ပျက်စီးနေသည့် ရွာထဲကို ဒေသခံအများစုတို့က မနေရဲသေးဖြစ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    ချောင်းနှစ်ခွဒေသတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း ဒေသခံတို့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

    ဒေသတွင်း တိုက်ပွဲငြိမ်သက်သွားချိန်တွင် ဒေသခံတို့က နေရပ်ပြန်ချင်ကြသော်လည်း ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ပြန်ခွင့်မပေးခဲ့ပဲ ၉ လနီးပါး ကြာလာသည့်အချိန်မှသာ ပြန်ခွင့်ပြုလာခြင်းဖြစ်သည်။

    “၂၁ ရက်နေ့ကတည်းက သူတို့(စစ်ကောင်စီ) ပေးဝင်နေတယ်။ ဒါပေမဲ့ ရွာသားတွေကတော့ သူတို့အိမ်တွေကို သွားကြည့်ကြတယ်။ ကျန်နေတဲ့ပစ္စည်းတွေကို ယူပြီး အကုန်ရွာကနေ ပြန်ထွက်လာ ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ချောင်းနှစ်ခွရွာထဲရှိ နေအိမ်တစ်ဝက်နီးပါးသည် မီးလောင်ပျက်စီးနေပြီး မီးမလောက်ပဲ ကျန်နေသည့် အိမ်များလည်း မွှေနှောက်ဖျက်ဆီးခံထားရသည့်အတွက် ပြန်လည်နေထိုင်ရန် အဆင်မပြေသည့်အခြေအနေ ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

    “အိမ်က ပစ္စည်းတွေ ဘာတစ်ခုမှ မကျန်နေဘူး။ အမေ့ဆိုင်က ပစ္စည်းတွေလည်း ဘာတစ်ခုမှ မကျန်အောင် ခိုးထားကြတယ်။ စက်ရုံက ပရိဘောဂစက်တွေ အကုန်ခိုးသွားတယ်။ အကုန်ပျက်စီးနေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ချောင်းနှစ်ခွရွာထဲတွင် စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး ကျေးရွာထဲ ပြန်လာသူများကို တင်းကြပ်စွာ စစ်ဆေးပြီးမှသာ ရွာထဲ ပေးဝင်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

    ချောင်းနှစ်ခွဒေသတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က မီးရှို့မှုကြောင့် နေအိမ်အလုံး ၁၀၀ ထက်မနည်း မီးလောင်ပျက်ဆီးခဲ့ရသည့်အပြင် မုဒုံ–ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ အတ္ထရံမြစ်ကူး ချောင်းနှစ်ခွတံတားလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks