လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၈၊ ၂၀၂၄
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကူးစက်မြန်ပြီး အသက်သေနိုင်သည်အထိ အန္တရာယ်ရှိသည့်အတွက်အထူးဂရုပြုရန် လိုအပ်ကြောင်း ဆရာဝန်တို့က အသိပေးနှိုးဆော်သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် အချိန်မီဆေးရုံရောက် ကုသမှုခံယူလျှင် စိုးရိမ်းမှုမရှိသော်လည်း ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်ကျသည့်အခြေအနေ ဖြစ်ပေါ်လာပါက အသက်အန္တရာယ်စိုးရိမ်းရသည်ဟု ဆရာဝန်တစ်ဦးက ပြောသည်။

“ဝမ်းရောဂါက နည်းနည်းပဲ ဖြစ်ရင်တော့ ဆေးတွေသောက်ပြီး အိမ်မှာလည်း ကုသနိုင်ပေမဲ့ဝမ်းသွားတာ အကြိမ်ရေများသွားရင်တော့ ခန္ဓာကိုယ်မှာ ဓာတ်ဆာရည်တွေ ဆုံးရှုံးလာမယ်။အဲဆို သွေးပေါင်ကျလာမယ်၊ ပျို့အန်လာမယ်။ တစ်ချိန်တည်းမှာပဲ ကျောက်ကပ်တွေ ထိခိုက်လာမယ်၊ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာရင် လူကိုပါ သေစေနိုင်တယ်” ဟု အထက်ပါ ဆရာဝန်ကပြောသည်။
မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ပြည်သူများအနေဖြင့် အစားအသောက်နှင့် အနေအထိုင်ဆင်ခြင်ပြီး ဂရုပြုနိုင်လျှင် စိုးရိမ်းစရာမလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များ၊ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုးများ အထူးဂရုပြရန် လိုအပ်သည်။
“မိုးတွင်းဆိုရင် လူတွေ အစုလိုက်အပြုံလိုက် ဖြစ်လေ့ရှိတယ်။ အဲထဲမှာမှ ကလေးငယ်တွေ၊ အသက်ကြီးတဲ့လူတွေ၊ ဒါမဟုတ် ရောဂါအခံရှိနေတဲ့လူတွေဆိုရင် ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ပြင်းပြင်းထန်ထန် ခံရနိုင်တယ်။ ဖြစ်ရင်လည်း စိုးရိမ်းရတဲ့အခြေအနေများတယ်။ သူတို့တွေကို ပိုပြီး ဂရုစိုက်ဖို့ လိုမယ်ပေါ့” ဟု အခြားဆရာဝန်တစ်ဦးက ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပေါ်စေရန် သန့်ရှင်းသောအစားအစာများ စားရန်၊ အစာမစားမီ လက်ကို စင်ကြယ်စွာဆေးကြောရန် စသည့်အချက်များကို လိုက်နာလုပ်ဆောင်ပေးခြင်းကလည်း ရောဂါကို ကြိုတင်ကာကွယ်နိုင်ရာရောက်သည်ဟု ဆရာဝန်တို့က ဆိုသည်။

ဝမ်းရောဂါသည် ရေနှင့်ဝမ်း(မစင်) မှ ကူးစက်နိုင်ပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ပွားနိုင်ကာ ရောဂါပိုးပြင်းထန်လျှင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ရုံဖြင့် ကူးစက်မြန်သည့်ရောဂါတစ်မျိုးဖြစ်သည်။
စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ ဝမ်းရောဂါကြောင့် သေဆုံးသူများ မရှိသေးဟု ပြောဆိုနေသော်လည်း မြေပြင်တွင် သေဆုံးသူများ ရှိနေသည်ဟု သိရသည်။