လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၅၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း ရက် ၂၀ ကျော် ကာလအတွင်း ဒေသခံအရပ်သား သေဆုံးမှု ၆၆ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၃ ဦးရှိနေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် လားရှိုးအပါအဝင် မြို့ကြီးများအနီးတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း နှစ်ဘက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“ကျောက်မဲမှာဆိုရင် သင်္ဂြိုလ်ဖို့မနိုင်တော့လို့ ပုံထားရတဲ့အထိ အခြေအနေဆိုးခဲ့တာပေါ့။ စစ်သားအလောင်းတွေလည်း ပြန်မကောက်ကြတော့ ကျွန်တော်တို့ကပဲ ရှင်းလင်းပေးခဲ့ရတာ။ ကျွန်တော်ထင်တယ် ကျောက်မဲနဲ့ လားရှိုးမှာ သေတဲ့လူအများဆုံးဖြစ်နိုင်တယ်။ ဒီနေရာတွေမှာက တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာလေ။ လက်နက်ကြီးတွေကလည်း လက်သည်မပေါ်ဘူး ဟိုဘက်က ပစ်တာလိုလို ဒီဘက်က ပစ်တာလိုလိုနဲ့” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းများအရ လားရှိုးဒေသခံ ၂၉ ဦး၊ ကျောက်မဲဒေသခံ ၂၃ ဦး၊ မိုးကုတ်တွင် ၁၀ ဦး၊ နောင်ချိုတွင် ၂ ဦးနှင့် မိုးမိတ်တွင် ၂ ဦး သေဆုံးသွားခဲ့သည်။

လားရှိုးမြို့ အနောက်တောင်ဘက်ရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၄၊ ၅၊ ၆၊ ၇ နှင့် ၈ ရပ်ကွက်တို့တွင် လက်နက်ကြီးများ အများဆုံးကျရောက်ပေါက်ကွဲခဲ့သည်။
အထက်ပါရပ်ကွက်များသည် စစ်ကောင်စီ၏ ခမရ ၅၀၇ တပ်နှင့် နီးစပ်သည့် နေရာများဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်များမှ ပြီးခဲ့သည့်ရက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် နောင်ချိုမြို့ကို TNLA မှ သိမ်းပိုက်ထိမ်းချုပ်ထားသလို ကျောက်မဲဒေသတွင်လည်း တိုက်ပွဲများဆက်လက်ဖော်ဆောင်နေသည်။
လားရှိုးမြို့ပေါ်ရှိ စခန်းအချို့ကို TNLA သိမ်းပိုက်ထားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့တွင်လည်း စစ်ကောင်စီမှ လောက်ကိုင်မြို့ပေါ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် လူသေဆုံးမှုများလည်းရှိနေကြောင်း သိရသည်။