လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၂ ဇူလိုင် ၂၀၂၄။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သဗျာရွာအတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်သဗျာရွာမှ အသက် ၁၇နှစ်အရွယ်ဒေသခံ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီအဖွဲ့မှ ပစ်သတ်ခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် ၁၂ အချိန်တွင် လောင်းလုံးမြို့ှနှင့် တစ်မိုင်ဝန်းကျင်ခန့် ကွာဝေးသည့် သဗျာရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရောက်ရှိနေသည်ဟု သတင်းရရှိပြီး လောင်းလုံးရဲစခန်းမှတပ်သားများထွက်လာပြီး နှစ်ဖက်တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။
နှစ်ဖက်ပစ်ခတ်မှုရပ်စဲပြီးနောက် အင်အား ၂၀ ကျော်ဝန်းကျင် ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် တိုက်ပွဲဖြစ်ပွားသည့် သဗျာရွာထဲရှိ နေအိမ်တို့ကိုဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်ခဲ့ပြီး နေအိမ်သို့ပြေးထွက်လာသည့် အမျိုးသမီးငယ် ၁ ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့သေသွားတဲ့ကလေးရဲ့အိမ်က နီးနီးလေးပဲ သူတို့မိသားစု ၅ ယောက်ဗုံးခိုကျင်းမှာရှိနေကြတာပဲ။ ပစ်ခတ်မှုပြီးတော့ စစ်သားတွေကသူတို့အိမ် ကုန်စုံဆိုင်ထဲဝင်လာတယ် အိမ်သားကိုခေါ်ပြီး၊ အမေနဲ့ အဖေကထွက်လာတယ်။ ၁ နာရီကြာတော့ကလေးမက အဖေလို့အော်ပြီးထွက်လာတော့ ပစ်လိုက်တာ၊ သူတို့လည်း တိုက်ပွဲ ဖြစ်ပြီးပြီးချင်းဆိုတော့ အဲ့ကလေးမထွက်လာတော့ မှားပြီးပစ်မိတာလည်းဖြစ်နိုင်တယ် ”ဟု ၎င်းအမျိုးသမီးက ပြောသည်။
မှားယွင်းပြစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် အဆိုပါအမျိုးသမီးကို တာဝန်ယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။
၎င်းအပြင် တိုက်ပွဲဖြစ်ပွားပြီးနောက်သဗျာကျေးရွာထဲရှိ ဒေသခံတို့၏ နေအိမ်ထဲဝင်ရောက်ပြီး ၊ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်သွားသေးကြောင်းလည်း လောင်းလုံမြို့ခံတစ်ဦးက ဆက်ပြောသည်။
“စစ်သားတွေကလောင်းလုံးဆေးရုံးကြီးကနေ လမ်းမကြီးအတိုင်းမဟုတ်ဘဲ
တောလမ်းကနေပဲထွက်လာတာ၊ ၁နာရီကျော်ပစ်ခတ်မှု ဖြစ်ပြီးတော့ နှစ်အိမ် သုံးအိမ်လောက် အိမ်လောက်ဝင်စစ်ဆေးနေတယ် ဖုန်း ၄ လုံးနဲ့ ငွေတွေယူတယ်။ အနီးနား အိမ်တွေလည်း မွှေနှောက်နေတယ် ” ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ မြို့လယ်ခေါင်းရဲစခန်းတွင် စစ်ကောင်စီတပ်တို့ အထိုင်ချထားသဖြင့် ယခင်လများတွင် နှစ်ဖက်တိုက်ပွဲအခြေအနေငြိမ်သက်နေသော်လည်း ယခုဇူလိုင်လ အတွင်း တော်လှန်ရေးတပ်ဖွဲ့တို့က လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေသဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။
မြန်မာ့အမျိုသမီးများ သမဂ္ဂအဖွဲ့ -BWU ၏ စာရင်းအရ ပြီးခဲ့သည့်ဇွန်လတစ်လတာအတွင်း စစ်တပ်မှ အကြောင်းမဲ့သတ်ဖြတ်မှု၊ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုအပြင် မြေမြှုပ်မိုင်းကြောင့်သေဆုံးရသည့် အမျိုးသမီးစုစုပေါင်း (၆၇) ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။