spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲနိုင်

    နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲနိုင်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၂၊ ၂၀၂၄

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲနိုင်သည်ဟု နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ‌လေ့လာသုံးသပ်သူတို့က ပြောသည်။

    ဒေသတွင်းတိုက်ပွဲများကြောင့် ရွေးကောက်ပွဲကျင်းပရန် ခက်ခဲလာနိုင်သည်ဟု ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွန်တိုးတက်ရေးပါတီ ဒုခေါင်းဆောင် နိုင်ထွန်းလွင်က ပြောသည်။

    နိုင်ထွန်းလွင်က “လက်ရှိနိုင်ငံရေးအခြေအနေကလည်း အရင်ကနဲ့မတူတော့ဘူးလေ။ အရင်တုန်းကဆိုရင် တည်ငြိမ်တယ်၊ အေးချမ်းနေတယ်ဆိုတော့ လှုပ်ရှားရတာ လွယ်ကူတယ်ပေါ့။ အခုက အခက်အခဲဖြစ်နေတယ်။ ဒီကရင်ပြည်နယ်မှာက မွန်လူမျိုးတွေ နေထိုင်များတာက ၅ မြို့နယ်လောက်ပဲ ရှိတယ်လေ။ ဒီ ၅ မြို့နယ်ထဲမှာမှ ကော့ကရိတ်ရော၊ ကြာအင်းဆိပ်ကြီးနဲ့ မြဝတီတို့ဘက်မှာပဲ တိုက်ပွဲနဲ့ မလုံခြုံမှုတွေကြောင့် အခက်အခဲဖြစ်နိုင်တယ်” ဟု ၎င်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားဒေသများတွင် ကျင်းပနိုင်ရေး ခက်ခဲနိုင်သည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

    “နေပြည်တော်တို့၊ မန္တလေးတို့ ရန်ကုန်တို့ဘက်မှာက အားလုံးမဟုတ်ရင်တောင် တော်တော်များများတော့ လုပ်နိုင်မယ်ထင်တယ်။ ဟိုဘက် ကယားတို့၊ ချင်းတို့က ခက်ခဲလာနိုင်တယ်။ ကျန်တဲ့ဒေသမှာတော့ ကျနော်တို့ ကရင်ပြည်နယ်အနေနဲ့က နည်းနည်းလေးစောများစောနေမလားပေါ့နော်။ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ ခက်ခဲလာနိုင်မယ်” ဟု မန်းအောင်ပြည့်စိုးက ပြောသည်။

    စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကျင်းပနိုင်သော်လည်း တည်ငြိမ်သည့် ဒေသများတွင် အပိုင်းလိုက် ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက နေရာအနည်းငယ်ကို ချန်လှပ်ပြီး ကျန်သည့်နေရာများတွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ပြောဆိုထားသည်။

    “ခြေနိုင် လက်နိုင် ဖြစ်တဲ့နေရာကို သူတို့(စစ်ကောင်စီ) အရင်လုပ်မှာပဲ။ နောက်တော့မှ အဲတစ်ခါထက် နောက်တစ်ခါ ခြေနိုင် လက်နိုင် ဖြစ်တဲ့နေရာကို ဆက်လုပ်သွားမှာ။ လုပ်ပြီးတော့ရင် သူတို့ (စစ်ကောင်စီ) သတ်မှတ်ထားတဲ့ ခွဲတမ်း ရပြီးဆိုရင် လွှတ်တော်မှာ တစ်ဝက်ကျော်လောက်ရပြီဆိုရင် လွှတ်တော်ခေါ်မှာပဲ။ ကျန်တဲ့ဟာတွေကို ဖြည်းဖြည်းနဲ့ လုပ်လာလိမ့်မယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က သုံးသပ်ပြောဆိုသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြို့နယ် ၃၃၀ မြို့နယ်ရှိကာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၌ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၃၁၅ မြို့နယ်တွင် ကျင်းပနိုင်ခဲ့သည်။

    စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် မတည်ငြိမ်သည့် ဒေသများကို ချန်ထားပြီး တည်ငြိမ်သည့်နေရာများတွင်သာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် မြို့နယ်ထက် ပိုနည်းပါးသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks