လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇူလိုင် ၁၀၊ ၂၀၂၄။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားတို့က လောင်းကစားလုပ်ငန်းများ တွင်ကျယ်စွာလုပ်ဆောင်နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် မေလကတည်းက တရုတ်နိုင်ငံသား အများအပြား စတင်ဝင်ရောက်လာကြောင်း လက်ရှိတွင် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသား ထောင်နှင့်ချီ ရှိနေသည်ဟုလည်း မြို့ခံတို့က ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများ အောက်တိုဘာလ နောက်ဆုံးထားပြီး ဒေသတွင်းက ထွက်ခွာသွားကြဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က မေလ ၁ ရက်နေ့က ထုတ်ပြန်လာပြီးနောက် တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့ဘက်သို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံသားများသည် မြို့ပေါ်တွင် နေအိမ်၊ အဆောင်၊ တည်းခိုနေရာများကို ဈေးကောင်းပေးပြီး ငှားရမ်းနေသည့်အပြင် တိုင်တစ်ရာကျောင်းရှေ့ရပ်ကွက်ဘက်တွင်လည်း မြေနေရာအလွတ်များ ဝယ်ယူပြီး အဆောက်အဦး ဆောက်လုပ်နေသည်ဟုလည်း မြို့ခံတို့က ပြောသည်။
“အိမ်ငှားပြီး ရပ်ကွက်တွေမှာ လောင်းကစားဖွင့်နေတာက ကြာပါပြီး။ အခုနောက်ပိုင်းက သတ်မှတ်နယ်မြေဆိုပြီး ကျောင်းဂိတ်တန်းကနေစပြီး အများကြီးပဲ အဲနေရာက DKBA လက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့နေရာမှာ ဖြစ်တယ်” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသားများ ထိုင်းနိုင်ငံမှတဆင့် ပတ်စပို့ဖြင့် ဝင်ရောက်လာသူများရှိသလို DKBA၊ BGF အကူအညီဖြင့် မြဝတီ-မော်လမြိုင်-ဘုရာသုံးဆူလမ်းကြောင်းမှတဆင့် ဝင်ရောက်လာသူများလည်းရှိကြောင်း တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့သို့ရောက်ရှိရန် DKBA၊ BGF တို့ကို တစ်ဦးလျှင်ထိုင်းဘတ် တစ်သိန်းထိ ပေးဆောင်ပြီး ဝင်လာကြကြောင်းလည်း သိရသည်။

လက်ရှိတွင် ဘုရားသုံးဆူမြို့တွင် ကာစီနို၊ လောင်းကစားဂိမ်းမျိုးစုံဖြင့် စည်ကားနေပြီး လောင်းကစားလုပ်ငန်းကို တရုတ်နိုင်ငံသားများအပြင် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် DKBA၊ BGF နှင့် နီးစပ်သူတို့ကလည်း လုပ်ကိုင်နေသည်ဟု မြို့ပေါ် လက်နက်ကိုင်များအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် မြို့ခံတစ်ဦးက ပြောသည်။
“ဒီလောင်းကစားတွေကို တရုတ်သက်သက် လုပ်တာ မဟုတ်ဘဲ DKBA နဲ့ နီးစပ်တဲ့သူတွေလည်း ပါနေတယ်” ဟု ၎င်းက ပြောသည်။
ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်၊ ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ DKBA၊ KNU/KNLA-PC၊ BGF၊ မွန်ပြည်သစ်ပါတီ NMSP တို့ ရှိနေသည့်အပြင် ယခုနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့လည်း ရှိနေသည်။
“ဘတ် ၁၀၀/၂၀၀ နဲ့တင် ကစားလို့ရနေတယ်။ အများကြီးမလိုလဲဝင်ကစားလို့ရနေတော့ လက်လုပ်လက်စားတွေ လူငယ်တွေရော ကစားကြတယ်။ ခိုးတာတွေ နေ့တိုင်းကြားနေရတယ်။ အဲ့လိုဖွင့်နေတာက ဘယ်သူမှ စစ်ဆေးတာ မရှိဘူး။ ဂိမ်းဆိုင်တွေ ထောင်နဲ့ချီရှိနေတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း ယခုလို တရုတ်နိုင်ငံသားအများပြားဝင်ရောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများအပါအဝင် ဒေသတွင်းကို တရုတ်နိုင်ငံသားများ လွှမ်းမိုးသွားမည်ကို ဘုရားသုံးဆူမြို့က စီးပွားရေးလုပ်ငန်းရှင်များ စိုးရိမ်နေကြသည်။