Homeသတင်းပုဂ္ဂလိကဘဏ်တို့တွင် ငွေကြေးလည်ပတ်နိုင်သည့် အခြေအနေအတိုင်း ထုတ်ပေးနေသော်လည်း ပမာဏအလွန်နည်းပါးနေ

ပုဂ္ဂလိကဘဏ်တို့တွင် ငွေကြေးလည်ပတ်နိုင်သည့် အခြေအနေအတိုင်း ထုတ်ပေးနေသော်လည်း ပမာဏအလွန်နည်းပါးနေ

-

မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်နှင့် ဘဏ်ခွဲတို့တွင် ငွေကြေးစီးဆင်းမှု မကြာခဏပြတ်တောက်လျှက်ရှိပြီး ငွေကြေးလည်ပတ်နိုင်သည့် အခြေအနေအတိုင်း ထုတ်ပေးနေသော်လည်း ယခုရက်ပိုင်းအတွင်း ထုတ်ပေးနေသည့်ပမာဏ အလွန်နည်းပါနေသည်ဟု သိရသည်။

၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍ မွန်ပြည်နယ် ပုဂ္ဂလိက ဘဏ်တို့တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ဘဏ်တစ်ခုနှင့်တစ်ခု ငွေကြေးချိတ်ဆက်ပို့ဆောင်မှု မလုပ်ဆောင်ရဲသည့်အခြေအနေတို့ကြောင့် အကန့်အသတ်ပုံစံဖြင့် ထုတ်ပေးနေသည်ဟု သိရသည်။

လက်ရှိရေးမြို့နယ်ရှိ ပုဂ္ဂလိကဘဏ်တို့တွင် တစ်ဦးလျှင် အများဆုံး ၁၀ သိန်းခန့်သာထုတ်ပေးနေပြီး မော်လမြိုင်မြို့တွင် သိန်း ၁၀၀ နှင့် ၃၀၀ ဝန်းကျင်တွင်သာ ထုတ်ပေးနိုင်သည်ဟု မော်လမြိုင်မြို့ မွန်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

"အခုဘဏ်တွေက လုံခြုံရေးကြောင့် ပိုက်ဆံကိုသယ်သွားသယ်လာ မလုပ်ရဲနေတာ၊ မသွားရဲနေတော့ သူတို့ဘက်ဝင်တဲ့ပိုက်ဆံနဲ့ချိန်ပြီး ပေးတယ်ဆိုတော့ ပိုက်ဆံက limit ဖြစ်နေတာ၊ KBZ ဆိုပိုပြီး အခက်ခဲဖြစ်တာများတယ် အကယ်လို့ သိန်း ၅၀၀ လောက်ထုတ်ချင်တယ်ဆိုရင် မရနိုင်ဘူပေါ့ ၃၀၀ လောက်ပဲပေးတယ် အဲလိုတွေပေါ့" ဟု ဆိုသည်။

ငွေကြေးပမာဏ ထုတ်ပေးနိုင်ခြင်းနည်းပါးသည့်ခြင်းကြောင့် လုပ်ငန်းနှောင့်နှေးသည့်အပြင် ငွေကြေးလွှဲပြောင်းသူတို့ ကိုယ်ရေးအချက်အလက် စိစစ်ခံရမှု ပိုမိုလုပ်ဆောင်လာသည်ဟုလည်း ဆက်ပြောသည်။

ရေးမြို့နယ်ရှိပုဂ္ဂလိကဘဏ်တို့တွင် တစ်ရက် ၁၀ သိန်းခန့်သာထုတ်ပေးနေခြင်းကြောင့် နယ်ဝေးမှ ငွေလာထုတ်သူတို့ အသွားအလာခက်ခဲသည့်ပြဿနာအပြင် လိုအပ်သည့် ငွေပမာဏာရရန် ရက်အတန်ကြာ သွားရောက်ထုတ်ယူနေရသည်ဟု သိရသည်။

“အခက်အခဲကတော့ရှိတာပေါ့။ သတ်မှတ်ထားတဲ့ရက် လိုချင်တဲ့ရက်ဆို မရဘူး၊ နေ့တိုင်းသွားထုတ်နေရတယ်။ အကယ်လို့ခရီးဝေးတဲ့သူဆို ပိုပြီးအခက်အခဲရှိတယ်။ ရေးမြို့ပေါ်ကလူဆိုလွယ်သေးတယ်၊ ဟိုကျောင်းရွာဘက်က နယ်ဘက်ကလူတွေဆို အသွားအလာလည်းခက်တယ်လေ။ တစ်ရက်ဆိုလည်း ၁၀ သိန်းပဲရတယ်။ သိန်း ၅၀ ဆို ၁၀ ရက်သွားရမယ်။ လမ်းမှာလည်းကြောက်ရတာနဲ့ ” ဟု ရေးမြို့ပေါ်ရှိ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

လက်ရှိ ရေးမြို့နယ်ဘဏ်တို့တွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ လုပ်ငန်းအသေးစားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးလျှင် သိန်း ၅၀၊ အကြီးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလျှင် ကျန်သိန်း ၁၀၀ အထိ ထုတ်ပေးနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီပိုင် အစိုးရဘဏ်တို့အပြင် ပုဂ္ဂလိကဘဏ်တို့လည်း ဦးတည်တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားလျှက်ရှိသည်။

၎င်းအပြင် စစ်ကောင်စီမှ ယခုရက်ပိုင်းအတွင်း ပုဂ္ဂလိကဘဏ်တို့ကို အရေးယူမည့်အစီအစဉ်တို့သည် ဘဏ်သုံးစွဲသူပြည်သူတို့အပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်လျှက်ရှိသည်ဟုလည်း မွန်လုပ်ငန်းရှင်တို့ကဆိုသည်။

Oplus_0

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts