မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် မွန်ပြည်နယ် စစ်ကောင်စီနှင့်နီးစပ်သူတို့မှ မြေများ ခြိမ်းခြောက်ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ် စစ်ကောင်စီက အကောင်အထည်ဖော်မည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို ချောင်းဆုံမြို့နယ်မြောက်ပိုင်းရှိ ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြား ဒရယ်မြစ်ကမ်းဘေးတွင် တည်ဆောက်ရန် လျာထားသည်။
“ကျောက်မီးသွေး စီမံကိန်းလုပ်မယ်ဆိုပြီး ဦးအောင်ကြည်သိန်းနဲ့ နီးစပ်သူတွေက မြေတွေလိုက်ဝယ်နေတယ်။ မရောင်းဘူးဆိုရင်လည်း သိမ်းမယ်ဘာညာနဲ့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဓနိတောဧက ၅၀ ခန့်ကို ဝယ်ယူထားပြီးဖြစ်သည်ကြောင်း ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အချက်အလက်များအရ သိရသည်။
ချောင်းဆုံတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်မည့်အကြောင်းကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ တွေ့ဆုံခဲ့စဉ် ဆွေးနွေးခဲ့ကြောင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ရေးသားခဲ့သည်။
ကျောက်မီးသွေးစက်ရုံကို ချောင်းဆုံဒေသခံအချို့တို့က လက်ခံသည့်အနေအထားရှိနေသော်လည်း အများစုက ကျောက်မီးသွေးစက်ရုံကို လက်မခံနိုင်ဘူးလို့ သိရသည်။
ကျောက်မီးသွေးစက်ရုံစီမံကိန်းအကောင်အထည်ဖော်မည့်နေရာသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဇာတိရွာဖြစ်သည့် ကွမ်ရိုက်ကျေးရွာမှ ကားဖြင့်သွားပါက နာရီဝက်ခန့်သာကြာမြင့်ကြောင်း ဦးအောင်ကြည်သိန်းက ၎င်း၏ အကြိုးစီးပွားအတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ပြောဆိုမှုလည်း ရှိသည်။
“ကျောက်မီးသွေးက သဘာဝပတ်ဝန်းကျင်အတွက် အရမ်းအန္တရာယ်များတယ်။ အဲ့ဒီစက်ရုံကိ ကျနော်တို့ ဘီလူးကျွန်းမှာလာဆောက်မယ်ဆိုတော့ ဦးအောင်ကြည်သိန်းက သူ့မိသားစုအကျိုးစီးပွားအတွက် ဇာတိမြေကို ချနင်းလိုက်တာဘဲ လို့မြင်ပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
အကယ်၍ ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဖြစ်ပါက ကျောက်မီးသွေးစက်ရုံ၏ စိုးကျိုးကို ချောင်းဆုံသာမက ပတ်ဝန်းကျင်ရှိ မော်လမြိုင်မြို့နှင့် ပေါင်မြို့နယ်တို့လည်း တွေ့ကြုံခံစားလာရနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတစ်ဦးက ဆိုသည်။
“ကျောက်မီးသွေးကို သေသေချာချာစနစ်တကျ အသုံးမပြုနိုင်ဘူးဆိုရင် ရေထု၊ မြေထု၊ လေထုတွေ ညစ်ညမ်းမှုလာနိုင်တယ်။ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်ဆီးမှုတွေရှိလာနိုင်သလို၊ လူတွေမှာလည်း ရောဂါဘယတွေထူပျောလာနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ ကုမ္ပဏီများ ခေတ်အဆက်ဆက်က ကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့သော်လည်း ယခု ကျောက်မီးသွေးစက်ရုံစီမံကိန်းကို မည်သည့်အစိုးရလက်ထက်က သဘောတူ ခွင့်ပြုချက် ရယူထားသည့် စီမံကိန်းဖြစ်သည်ကို မသိရှိရကြောင်း ဒေသခံတို့က ပြောသည်။
၎င်းပြင် စစ်ကောင်စီက အကောင်အထည်ဖော်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းသည် မည်သည့်ကုမ္ပဏီက တာဝန်ယူလုပ်ဆောင်မည့်အပါအဝင် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်ကိုလည်း မသိရှိရကြောင်းလည်း ဆိုသည်။
![](https://i2.wp.com/burmese.monnews.org/wp-content/uploads/2024/07/86_8.jpg?resize=696%2C336&ssl=1)