မွန်ပြည်နယ်အတွင်း လာမည့် ၂၀၂၅ ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဦးဆောင်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဝင်တို့ကို လိုက်လံစုစည်းခေါ်ယူနေသည်ဟု သိရသည်။
လုံခြုံရေးအခြေနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေသည့် ပါတီဝင်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုက်လံ ခေါ်ယူနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။
“အခုက သူတို့လူထုကိုစည်းရုံးတာတို့၊ ဆိုင်းဘုတ်ထောင်တာတို့ အဲတာတွေကိုသူတို့မလုပ်ရသေးဘူး။ ကျွန်တော်တို့လည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစောင့်ကြည့်နေတာပဲ။ အခုလောလောဆယ် သူတို့ဘာလုပ်လဲဆိုတော့ သူတို့ရဲ့အမာခံလူအင်အားတွေ၊ တစ်ချို့ပါတီဝင်တွေက လုပ်ကြံခံရမှာကြောက်လို့ ပုန်းလျှိုနေတဲ့သူတွေ ပြန်ခေါ်၊ ပြန်စည်းရုံးနေကြတယ်။ အင်အားပြန်စုတဲ့အနေထားပေါ့။ အဲ့တာတွေတော့လုပ်တယ် ” ဟု ဆိုသည်။
လာမည့် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၅ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပသွားမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဇွန်လ(၁၅) ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
သန်းခေါင်စားရင်းကောက်ခံရန် တစ်အိမ်တက်တစ်အိမ်ဆင်းပြီး Mobile Tablet အသုံးပြုကာ ကောက်ယူသွားမည်ဟု စစ်ကောင်စီ၏မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်။
သို့သော် မွန်ဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့၏ နယ်မြေစိုးမိုးမှု ဘောင်ကျယ်လာသည့်အတွက် စစ်ကောင်စီ၏ သန်းခေါင်းစာရင်းကောက်ယူသည့်လုပ်ငန်း အကန့်သတ်ဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
“မွန်ပြည်နယ် တစ်နယ်လုံးလုပ်ဖို့အတွက်ဖြစ်နိုင်ချေက သိပ်မလွယ်ဘူး။ အခြေနေတွေက တစ်ဖြည်းဖြည်းနဲ့တင်းမာလာပြီးဆိုတော့။အများဆုံးသူတို့လုပ်နိုင်တဲ့မြို့နယ်တွေကမော်လမြိုင် တစ်ခုလောက်ပါပဲ ကျန်တဲ့မုဒုံ၊ သံဖြူဇရပ်တို့က တစ်ဝက်တစ်ဝက်လောက်ပေါ့၊ သံဖြူဇရပ်အလွန်က သူတို့မထိန်းနိုင်တော့ဘူးလေ ” ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိတွင် ဇီဝမှတ်တမ်းကောက်ယူပြီး smart card ထုတ်ပေးသည့်အစီစဉ်သည်လည်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟုလည်း ဆက်ပြောထားသည်။
ရွေးကောက်ပွဲလေ့လာစောင်ကြည့်သူနှင့် နိုင်ငံရေးလေ့သုံးသပ်သူတို့ကစစ်ကောင်စီမှ ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင် ရွေးကောက်ပွဲအတွက် ပြည်သူလူထုတို့ကို ဖိအားပေးလုပ်ဆောင်မှုများရှိလာနိုင်သည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ဆိုသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီရှိသည့်အနက် ၄၈ ပါတီအထိ မှတ်ပုံတင်ခွင့်ပြုထားပြီး မှတ်ပုံတင်ခွင့်မပြုသေးသည့်နိုင်ငံရေးပါတီတို့တွင် နာမည်ကြီးတိုင်းရင်းသား နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပါဝင်နေသည်ဟု သိရသည်။
