spot_img
Tuesday, September 16, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက် ဆက်တိုက်ချိုးဖောက်ရင် တုံ့ပြန်မည်ဟု TNLA ပြော

    စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက် ဆက်တိုက်ချိုးဖောက်ရင် တုံ့ပြန်မည်ဟု TNLA ပြော

    -

    စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို ကျော်လွန်ကာ ချိုးဖောက်မှုတွေ ဆက်လုပ်ဆောင်လာပါက တုံ့ပြန်မည်ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

    ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ရေးသတိအမြဲရှိရန် လိုအပ်အကြောင်း၊ မိမိတို့ လူထုကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လာပါက ကာကွယ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့က ပြောကြားလိုက်ခြင်းဖြစ်သည်။

    ဗိုလ်ချုပ်တားဘုန်းကျော်က “ကြားထဲမှာတော့ အခုတရုတ်က ကမကထ ကြားဝင်ထားတဲ့ ဟိုက်ဂင်သဘောတူညီချက် ရှိထားတော့ စစ်ရေးအရ ပြင်းထန်တဲ့ အခြေအနေထိတိုင်အောင် စစ်ကောင်စီက အဲဒီလို လုပ်လိမ့်မယ် မဟုတ်ဘူးလို့ အဲဒီလို ထင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့က စစ်ရေးသတိတော့ အမြဲရှိရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြန်မာနိုင်ငံတစ်နှံ့တစ်လျားမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးမှ တိုးပြီး လုပ်နေတာ တွေ့ရတယ်။ သူ့အနေနဲ့လည်း စစ်ရေးအရ အခက်အခဲတွေ အကျပ်အတည်းတွေ အများကြီးဖြစ်တော့ ကျနော်တို့ ဒေသဖက်ကို လေယာဉ်ဗုံးကြဲတာတွေ လူထုကို ထိခိုက်စေတဲ့ ကိစ္စတွေကို မလုပ်လာနိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ လူထုကိုတော့ ဒီကိစ္စကို သေချာ စစ်ရေးအရတော့ တော်လှန်ရေး သတိတော့ အမြဲတမ်းရှိဖို့တော့ လိုအပ်မယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကို ကျော်လွန်ပြီးတော့ လေယာဉ်ဗုံးကျဲတာတွေ လက်နက်ကြီးတွေ ဆက်တိုက်လုပ်လာမယ် ကျနော်တို့ လူထုတွေက ထိခိုက်နစ်နာမှု ပိုကြီးလာတယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုကို အကောင်းဆုံး ခုခံကာကွယ်သွားဖို့ကတော့ ကျနော်တို့မှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်။

    အလားတူ ဇွန်လ ၂၀ ရက်ကလည်း မိုးကုတ်မြိုနယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ၎င်းတို့ လက်မှတ်ရေးထိုးထားသည့် ဟိုင်ဂင်သဘောတူညီချက်အား လိုက်နာနိုင်ပါ့မလားဆိုတာ သံသယရှိကြောင်း၊ စစ်ကောင်စီက လိုအပ်သလို စစ်ကစားနေမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

    “ကျနော်တို့ကတော့ စိုးရိမ်တယ်၊ စကစက သူထိုးထားတဲ့ သူသဘောတူထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို သူတကယ်လိုက်နာနိုင်ပါ့မလား၊ ကျနော်တို့ သံသယတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က စကစ-က လိုအပ်သလို သူစစ်ကစားနေမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လူထုကို အထူးမှာကြားချင်တာကတော့ ကျနော်တို့ တော်လှန်ရေးသတိ စစ်ရေးသတိတော့ မပျက်ဖို့လိုပါတယ်။ အခြေအနေတင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ လူထုအပေါ် ဖိနှိပ်မှု တအားများလာမယ်ဆိုရင် လူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်၊ ခုခံကာကွယ်ရမယ့် တာဝန်တွေ ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီလို ဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဒေသထဲမှာ တိုက်ပွဲတွေက အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်ငေါ့မြို့များအား သိမ်းပိုက်ရရှိခဲ့သည်။

    ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကိုရရှိကာ ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လာကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts