spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်ကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

    မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ထားဝယ်ခရိုင်ကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

    -

    ရေဖြူမြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ထားဝယ်ခရိုင် မျောက်ချောကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မေလ ၁၉ ရက်နေ့တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဇွန်လ ၁၉ ရက်နေ့ မနေ့က နံနက် ၇ နာရီဝန်းကျင်မှစ၍ လက်နက်ကြီး လက်နက်ငယ်ဖြင့် နှစ်ဖက်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီဝန်းကျင်တွင် ပြန်လည်ငြိမ်သက်ခဲ့သော်လည်း အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

    “မနက်ပိုင်းကတည်းက စပစ်နေကြတာ။ ပစ်လိုက် နားလိုက်နဲ့ ညနေ ၅ နာရီလောက်မှ တိတ်သွားတာ၊ လူထိသွားတာတော့ မကြားဘူး။ အိမ်တွေမီးလောင်သွားတယ်လို့ကြားတယ်။ အခြားဟာတွေ သေချာမသိပေမယ့် လေယာဉ်နဲ့ဗုံးကြဲနေတာက တကယ်ပဲ။ အခုအခြေအနေက ငြိမ်နေတယ်” ဟု‌ ရေဖြူဒေသခံတစ်ဦးက ပြောသည်။

    ပစ်မှုဖြစ်ပွားစဉ်အတွင်း ဒေသခံတို့ ဘေးလွတ်ရာနေရာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြေအနေပြန်လည်ငြိမ်သက်ချိန်တွင် နေရပ်ပြန်လာခဲ့သည်ဟု သိရသည်။

    လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း နေအိမ်အပြင် မွန်ပြည်သစ်ပါတီ ဌာနဆိုင်ရာ အဆောက်အအုံ အချို့မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတို့လည်း အတည်ပြုနေဆဲဖြစ်သည်။

    ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့စ၍ ရေဖြူမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ရာဖူးရွာသစ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်တိုက်ခိုက်မှုကြောင့် အသက်မပြည့်သည့် ကလေး ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ ရေး- ထားဝယ်ကားလမ်းပိုင်းကို စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့်အတွက် တန်ပြန်ထိုးစစ်ဆင်မည့်အခြေအနေရှိနေခြင်းကြောင့် အဆိုပါလမ်းပိုင်းကို အသုံးမပြုရန် တော်လှန်ရေးအင်အားစုတို့မှ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks