Wednesday, March 25, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်

    မွန်ပြည်နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်

    -

    မွန်ပြည်နယ် မြို့နယ်အများစုတွင် ဇွန်လဆန်းပိုင်းမှစပြီး ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လာနေသည်ဟု ကျန်းမာရေးဝန်ထမ်းတို့မှ တစ်ဆင့်သိရသည်။

    မေလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနည်းသော်လည်း ဇွန်လအတွင်း သိသိသာသာများနေပြီး အများစုက အသက် ၁၅ နှစ်အောက်ကလေးတို့ ဖြစ်သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

    “ချောင်းဆုံမြို့မှာဆိုရင် တစ်နေ့ကို၂၀၊ ၃၀ ယောက်လောက်က တုတ်ကွေးဖြစ်နေတယ်၊ အကုန်လုံးကကလေးတွေချည်းပဲ၊ သူတို့မှာကိုယ်ခံအားနည်းနေတော့အဖြစ်များတယ်၊ ကလေးတိုင်းဖြစ်နေကြတယ်လို့တောင်ပြောလို့ရတယ်" ဟု ဆိုသည်။

    ချောင်းဆုံမြို့နယ်တွင် တစ်ရက်လျှင် ပျမ်းမျှ ၂၅ ဦးအထိရှိနေပြီး ကျိုက်ထိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ကလေးငယ် ၆၀ ဦးအထိ ရှိနေသည်ဟု သိရသည်။

    လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခြင်းမရှိသေးသော်လည်း အထူးဂရုစိုက်ရမည့်အခြေအနေဖြစ်သည်ဟုလည်း ကျန်းမာရေး တာဝန်ရှိသူတို့က ဆိုသည်။

    တစ်ချိန်တည်းတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် covid19 ရောဂါ တစ်ပြိုင်တည်းဖြစ်ပွားနေသည့်အတွက် ခန္ဓာကိုယ်မူမမှန်ဖြစ်ပေါ်လာပါက ကွဲကွဲပြားပြားသိနိုင်ရန် ဆေးရုံ- ဆေးခန်းသို့သွားရောက်ပြသင့်ကြောင်း မော်လမြိုင်မြို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

    “ ကိုဗစ်ကရှိတော့ရှိတယ် ဒါမဲ့အရမ်းအများကြီးမဟုတ်ဘူး။ ကိုဗစ်ဟုတ်မဟုတ်ကတော့ စစ်တော့မှပေါ်လေ အားလုံးကတော့ရောနေတာကိုး။ သိပ်မပြင်းထန်တော့ ကောင်းသွားကြတာများတယ်၊ တုတ်ကွေးပဲဖြစ်ဖြစ် ကိုဗစ်ပဲဖြစ်ဖြစ် ဆေးစစ်တဲ့အခါကျမှသိတယ်။ ကိုဗစ်နဲ့သွေးလွန်တုတ်ကွေး လက္ခဏာက တူသလောက်နီးပါပဲ တစ်ခုကွာတာက ကိုဗစ်ကအောက်ဆီဂျင်ကျမယ်၊ အနံမရတာရယ်ပဲ ” ဟု ဆိုသည်။

    သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးဌာနတို့မှ အပတ်စဉ်ခြင်နှိမ်နှင်း ကာကွယ်ရေးရေးလုပ်ငန်းတို့ကို ဆောင်ရွက်နေသော်လည်း အိမ်တိုင်ရာရောက် ဆေးဖြန်း ဆေးပေးလုပ်ငန်းတို့အားနည်းနေသည်ဟုလည်း ကျေးလက် ဒေသခံတို့က ဆိုသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဇူလိုင်လအထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၁၇၅ဦးရှိပြီး မော်လမြိုင်၊ ပေါင်နှင့်ကျိုက်မရောမုမြို့နယ်တို့မှာအများဆုံးဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks