လာမည့် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားရန် Teaching Assistant(TA) နှင့် Language Teacher (LT) နေရာတို့အတွက် ဆရာ/ဆရာမများ ခေါ်ယူနေသော်လည်း လာရောက်လျှောက်ထားသူနည်းပါးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ၁၁ ရက်နေ့မှစတင်ပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုဦးစီဌာန ညွှန်ကြားရေးမှူးရုံးမှ အဆိုပါ TA နှင့် LT လျှောက်လွှာများကို ထုတ်ယူနိုင်ပြီး အောက်တိုဘာလ ဒုတိယအပတ်တွင် နောက်ဆုံးထား လျှောက်ထားနိုင်ဟု ဆိုသော်လည်း လျှောက်ထားသူမရှိသေးကြောင်း မြို့နယ်ပညာရေးရုံးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“TA/LT တွေ လျှောက်တဲ့သူမရှိတဲ့အပြင် နှုတ်ထွက်တဲ့သူ ၄ ယောက်လောက်ရှိနေတယ်၊ TAဆို အတန်းပိုင်တာဝန်ပေးပြီး အခြားဘာသာရပ်တွေ သင်ကြားပေးနေရတယ်။ တစ်နေ့လုံးစာသင်နေရပေမဲ့ လစာကလည်းအစိုးရခန့် ဆရာမတွေလို ခံစားခွင့်မရှိဘူးဆိုတော့ အဓိကက မွန်စာပေသင်ကြားဖို့လျှောက်တယ် အခုကတစ်ခြားဘာသာပါ သင်နေရတဲ့အပြင် ကျောင်းစာရင်းဇယား ကိစ္စတွေပါ လုပ်နေရတယ် ” ဟု ၎င်းကဆိုသည်။
TA ဆရာ/ဆရာမများကဲ့သို့ LT သင်ကြားရေးဆရာ/ဆရာမတို့သည် တစ်ပတ်လျှင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေကို အနည်းဆုံး ၅ နာရီ သင်ကြားပေးရမည်ဖြစ်ပြီး၊ လိုအပ်လျှင် အခြားဘာသာရပ်များကို သင်ကြားနေရသော်လည်းအစိုးရကျောင်းဆရာ/မများကဲ့သို့ ခံစားခွင့်နည်းပါးနေခြင်းကြောင့် လျှောက်ထားသူမရှိသည့်အပြင် နှုတ်ထွက်သူတို့လည်းများနေကြောင်း သိရသည်။
၎င်းအပြင် ကျိုက်မရောမြို့နယ် အခြေခံပညာကျောင်းတို့တွင် မွန်တိုင်းရင်းသာစာပေသင်ကြားနေသည့် ကျောင်းပေါင်း ၂၈ကျောင်းရှိနေပြီး တိုင်းရင်းသားဘာသာသင် ဆရာ ဆရာမတို့ နှုတ်ထွက်မှုများနေခြင်းကြောင်း စာသင်ကျောင်း ၄ ကျောင်းခန့် တိုင်းရင်းသာဘာသာသင်ကြားမှု ရပ်နားထားရသည်ဟု ကျိုက်မရောမြို့နယ်မှ တာဝန်ရှိဆရာတစ်ဦးက ဆိုသည်။
ပြီးခဲ့သည် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် TA/LT ဆရာမတို့ကို ခေါ်ယူရာတွင်လည်း ကျိုက်မရောမြို့နယ်မှ ၂၀ ကျော်လာရောက်လျှောက်ထားရာ လက်ရှိတွင်လာရောက်လျှောက်ထားသူ မရှိကြောင်းနှင့် မုဒုံမြို့နယ်နှင့်ချောင်းဆုံမြို့နယ်တို့တွင်လည်း လျှောက်ထားသူ နည်းပါးလျှက်ရှိသည်ဟု ပညာရေးဌာနမှတာဝန်ရှိသူတို့ထံမှသိရသည်။
တိုင်းရင်းသားဘာသာသင် ဆရာ/မများကို အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေး Teaching Assistant (TA) တစ်ဦးလျှင် အပိုထောက်ပံ့ကြေးအပါအဝင် တစ်လလျှင် ၁သိန်း ၃ သောင်း ဝန်းကျင် ရရှိနေပြီး Language Teacher (LT)တစ်ဦးလျှင် တစ်လ ၆ သောင်း ကျပ်နှုန်းရရှိနေသည်ဟု သိရသည်။
မွန်ပြည်နယ်အတွင်း မွန်နှင့်ကရင် တိုင်းရင်းသားစာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေသင်ကြား နေသည့် မြို့နယ် ၄ မြို့နယ်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်တွင် မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြားနေသည့်ကျာင်း ၂၇၃ ကျောင်း၊ ပအိုဝ့်စာပေသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းတို့အရ သိရသည်။