မွန်ပြည်သစ်ပါတီ NMSP-AD အနေဖြင့် ရန်သူတို့၏ မီးရှိုးပျက်ဆီးလုယက်မှုတို့ကြောင့်နှင့် ရဲဘော်တို့ အသက်သွေးချွေး ပေးဆပ်ခဲ့မှုများအတွက် အောင်ပွဲများဖြင့် ပြန်လည်သွေးကြွေးဆပ်သွားမည်ဟု စစ်ရေးနိုင်ငံရေးဦးဆောင်အဖွဲ၊ မွန်ပြည်သစ်ပါတီ NMSP-AD က ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် စစ်ရေးနိုင်ငံရေးဦးဆောင်အဖွဲ့ ၊မွန်ပြည်သစ်ပါတီ (AD) က ကျင်းပခဲ့ သော အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် ဒု-အဖွဲ့အခေါင်းဆောင် နိုင်ဗညားလယ်က ပြောဆိုခဲ့သည်။
နိုင်ဗညားလယ်က “တိုက်ပွဲဝင်လာခဲ့တာ (၄) လ ပြည့်ခဲ့ပါပြီ၊ ဒီ ၄ လအတွင်းမှာ ရဲဘော်တွေလည်း အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရသလို ရန်သူတွေက ရွာကိုမီးရှို့ဖျက်ဆီးပြီး ခိုးနှိုက်လုယက်မှုတွေလုပ်ခဲ့လို့ ပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာတွေ အများအပြားဆုံးရှုံးခံလိုက်ရတာကြောင့် ကျနော်တို့ဟာ ပြည်သူလူထု၊ အမျိုးသားထုအပေါ်မှာ အကြွေးတွေတင်သွားခဲ့ပါပြီ၊ ဒီအကြွေးတွေကို အောင်ပွဲတွေနဲ့ ပေးဆပ်သွားပါမယ်” ဟု ပြောသည်။
၎င်းပြင် အောင်ပွဲများ ရယူနိုင်ရန်အတွက် စစ်ရေးကို အာရုံစူးစိုက်ပြီး စစ်အင်အား အများအပြား မွေးထုတ်သွားရမည်ဖြစ်ကြောင်း နိုင်ဗညားလယ်က ဆက်ပြောသည်။
၎င်းက “ဒီတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် စစ်ရေးကို ထောက်ခံအားပေးကြရမယ်။ စစ်ရေးသည်သာ ပထမ၊ စစ်ရေးသည်သာ ဒုတိယ၊ စစ်ရေးသည်သာ တတိယ ဖြစ်နေရမယ်။ စစ်အင်းအားလည်း ရှိမယ်၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုလည်း ရှိမယ်၊ ဒီနှစ်ခု ပြည့်စုံသလောက် ရှိလာမယ်ဆိုရင် ရန်သူတွေကို ကျနော်တို့ခြိမ်းခြောက်နိုင်ပြီ။ မဟာမိတ်တွေကလည်း ကျနော်တို့ကို အသိအမှတ်ပြုလာမယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်၊ အခက်အခဲ ဘယ်လောက်ပဲ ရှိရှိ၊ စစ်အင်းအားတောင့်တင်းလာအောင် ကျနော်တို့ မွေးထုတ်သွားရမယ်” ဟု ပြောသည်။
အောင်ပွဲများဖြင့် အမျိုးသားအခွင့်အရေးများကို ရယူပေးနိုင်စွမ်းမရှိခဲ့လျှင် တော်လှန်ရေးတွင် သမိုင်းဖြစ်ရပ်ဆိုးအဖြစ် ကျန်ရစ်သွားမည်ဖြစ်ကြောင်းလည်း ဆက်၍ ပြောခဲ့သည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မိခင်ပါတီ မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီကို တိုက်ခိုက်ရန် စတင်ကြေညာခဲ့ပြီး ယနေ့တွင် ၄ လသာ ပြည့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
