မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ ရေး- ထားဝယ်ကားလမ်းပိုင်းကို အသုံးမပြုရန် မွန်-တနင်္သာရီ တော်လှန်ရေးအင်အားစုတို့မှ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည့်နောက် ယာဉ်မောင်းတို့ အသွားအလာ မလုပ်ရဲနေကြောင်း သိရသည်။
ရေး- ထားဝယ်လမ်းပိုင်းတွင် လတ်တလော တိုက်ပွဲအခြေအနေနှင့် စစ်ဆေးရေးတင်းကြပ်နေခြင်းကြောင့် ရေဖြူမြို့နယ်မှ ရေးမြို့နယ်သို့ သွားလာနေသည့် လိုင်ကားနှင့်ကုန်တင်ယာဉ်အချို့ လုပ်ငန်းရပ်နားထားပြီးဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“အခုကျတော်တို့ ရွာခံကားတွေက ရွာဘက်မဆင်းဖြစ်တော့အစစ်ဆေးတွေကြောင့်နဲ့ မသွားလာရဲတော့ဘူး။ ပြီးတော့ ရာဖူးရွာမှာကလူလဲ မရှိတော့ဘူး၊ ရေးမြို့လောက်ပဲမောင်းဖြစ်တယ်။highway ကားသမား တွေတော့ အဲ့ဘက်ဆင်းရင်ဆင်းသေးတယ်။ ကံပေါက်ဒေသတက်တဲ့လိုင်းကားတစ်စီးနှစ်စီးပဲ တွေ့တယ်"ဟု ၎င်းကဆိုသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့မှ လမ်းပိုင်းစစ်ဆေးမှု လုပ်ဆောင်ခြင်း မရှိသော်လည်း ထုတ်ပြန်စာကြောင့် လမ်းသွားလမ်းလာတို့ နည်းပါးသွားသည်ဟုလည်း ဆက်ပြောသည်။
စစ်ကောင်စီမှ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်ပြီး အများပြည်သူလုံခြုံရေးအတွက် အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်ဟု ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်သူများ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စနှင့်ပတ်သက်ပြီး အရေးပေါ်သွားလာရန် လိုအပ်ပါက တော်လှန်ရေးတပ်ဖွဲ့တို့ထံ အကြောင်းကြားပြီးမှ သွားလာရန်လည်း ပြောဆိုထားသည်။
ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီဘက်မှ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းရာတွင် အရပ်သား ပြည်သူများကို အသုံးချခြင်း၊ အရပ်သားအသွင်းယူကာ စစ်အင်အားဖြည့်တင်းခြင်းတို့ကို ပြုလုပ်နိုင်သည့်အတွက် ပြည်သူများထိခိုက်မှုမရှိစေရန်၊ စစ်ရေးဖော်ဆောင်မှုလွယ်ကူစေရန် ထုတ်ပြန်ထားသည်။
