spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမိုးစပါးတောင်သူတို့ ကြဲခင်းစနစ်ဖြင့်သာ စိုက်ပျိုးနေ

    မိုးစပါးတောင်သူတို့ ကြဲခင်းစနစ်ဖြင့်သာ စိုက်ပျိုးနေ

    -

    မွန်ပြည်နယ်အတွင်း အထွေထွေကုန်ကျစရိတ်နှင့် အလုပ်သမားဌားရမ်းခ အဆမတန်မြင့်တက်နေခြင်းကြောင့် မိုးစပါးစိုက်တောင်သူတို့ ကြဲစိုက်စနစ်ဖြင့်သာ စိုက်ပျိုးနေကြသည်ဟု သိရသည်။

    လက်ရှိမိုးစပါးစိုက်ရာသီတွင် တောင်သူအများစု ကြဲစနစ်ဖြင့်သာ စိုက်ပျိုးနေရပြီး အချို့တွင် စိုက်ပျိုးဧက လျှော့ချလုပ်ကိုင် နေသူတို့ရှိနေသည်ဟု မုဒုံမြို့နယ်မှ လယ်သမားတစ်ဦးက ဆိုသည်။

    “ဒီနှစ်က အားလုံးပဲ ကြဲစိုက်တယ် မြေအနေအထားကြောင့် ကြဲစိုက်လို့မရတာ စက်သွားလာလို့ မရတဲ့နေရာပဲမစိုက်တာ ၊ ကြဲစိုက်တာက တစ်ဧကဆို အလွန်ဆုံး တင်း ၂၀ လောက်ပဲရမယ် သေချာပေါက်လျော့မယ်၊ ကုန်ကျ စရိတ်မတက်နိုင်လို့ မစိုက်ကြတဲ့သူတွေလည်းရှိတယ်၊ ကောက်စိုက်ဖို့ လုပ်သားလဲ ရှာမရနေဘူး ကြဲစိုက်တဲ့ စပါးဆို ဈေးလဲနှိမ်တယ် ” ဟု ၎င်းကပြောသည်။

    ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးနေရခြင်းကြောင့် မြေနိမ့်ပိုင်းနှင့် အမြင့်ပိုင်းတို့တွင် စိုက်ပျိုးရန် အခက်ကြုံနေရသည်ဟု ချောင်းဆုံမြို့ တောင်သူတစ်ဦးက ဆိုသည်။

    “တစ်ဧကဆို ထုတ်သုံးရတာမနည်းဘူး၊ မျိုးစေ့ဖိုးက ၄သောင်း၊ လုပ်ငန်း ပြီးတဲ့ အထိဆို ၃ သိန်းနီးပါးလောက်ရင်း ရတယ်၊ အရင်းရှိတဲ့သူတွေပဲ လုပ်နိုင်တယ်၊ ၁ ဧက ၁သိန်းခွဲ နှုန်းဆို ဘာမှမကာမိဘူး။ စာရင်းတင်ထားဆဲပဲ ဒီလကုန်ရင်ရမယ် "ဟု ပြောသည်။

    ယခုနှစ် မိုးစပါးရာသီတွင် နေစားလုပ်သားတစ်ဦးလျှင် ၂၀၀၀၀ ကျပ်အထိ လုပ်အားခ ပေးဆောင်နေသော်လည်း ဝင်ရောက်လုပ်ကိုင်သူမရှိဟု ဆိုသည်။

    မွန်ပြည်နယ် မိုးစပါးစိုက်ရာသီတွင် ဧရာဝတီနှင့်ပဲခူးတိုင်းအပါအဝင် အနယ်အနယ်အရပ်ရပ်မှ ကျွမ်းကျင် လုပ်သားတို့ ဝင်ရောက် သော်လည်းနယ်မြေမလုံခြုံမှု၊ လုပ်အားခနည်းပါးမှုနှင့် စစ်ကောင်စီ၏ စစ်မှူးထမ်းဥပဒေကြောင့် အလုပ်သမားဝင်ရောက်မှုသိသိသာသာလျော့နည်းသည်ဟုသိရသည်။

    ကြဲစနစ်ဖြင့်သာ စိုက်ပျိုးရခြင်းကြောင့် စပါးထွက်နှုန်း လျော့ကျမည့်အပြင် အနိမ့်ဈေးဖြင့်သာ ရရှိမည်ဟုလည်း တောင်သူတို့က သုံးသပ်လျှက်ရှိသည်။

    စပါးစိုက်ပျိုးမှုအရ ပျိုးထောင်စိုက်ပျိုးမှုသည် တစ်ဧက တင်း ၅၀ နီးပါးထွက်သော်လည်း ကြဲခင်းစိုက်ပျိုးသည့်စနစ်သည် တစ်ဧကလျှင် တင်း ၂၀ ခန့်သာ အထွက်နှုန်းရရှိမည်ဟု တောင်သူတို့မှ သိရသည်။

    မိုးစပါးစိုက်ရာသီတွင် အထွေထွေကုန်ကျစရိတ်တို့ တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေသော်လည်း စစ်ကောင်စီ၏ မိုးစပါးချေငွေသည် ယခုနှစ်တွင်လည်း ၁ ဧကလျှင် ကျပ် ၁သိန်းခွဲဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧကနှုန်းဖြင့် ထုတ်ချေးပေးနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks