spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စုနှင့် အပေါင်းအပါတို့ကြောင့် မေလအတွင်း အမျိုးသမီး ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရဟုဆို

    စစ်အုပ်စုနှင့် အပေါင်းအပါတို့ကြောင့် မေလအတွင်း အမျိုးသမီး ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရဟုဆို

    -

    စစ်ကောင်စီတပ်နှင့် အပေါင်းအပါတို့ကြောင့် ၂၀၂၄ ခုနှစ် မေလအတွင်း မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းက အမျိုးသမီး ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်ထားချက်အရ သိရသည်။

    အသက်ဆုံးရှုံးရသည့် အမျိုးသမီး ၄၁ ဦးထဲတွင် မွန်ပြည်နယ်မှ ၄ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်းသည် အမျိုးသမီး အသတ်ခံရမှုအများဆုံးဖြစ်ပြီး အမျိုးသမီး ၉ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

    အသက်ဆုံးရှုံးခဲ့ရသည် အမျိုးသမီး ၄၁ ဦးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၆ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ဦး၊ စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် ၈ ဦး၊ မြေမြုပ်မိုင်းနင်းမိမှုကြောင့် ၂ ဦး၊ စစ်အုပ်အပေါင်းအပါ ပျူစောထီး၏ မုဒိန်းကျင့်သတ်ဖြတ်မှုကြောင့် ၁ ဦး၊ အရပ်သားပြည်သူ မုဒိမ်းကျင့်သတ်ဖြတ်မှုကြောင့် ၁ ဦး ပါဝင်သည်ဟု BWU က စာရင်းအရ သိရသည်။

    ၎င်းပြင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါတို့ကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း BWU က ထုတ်ပြန်ထားသည်။

    စစ်ရေးပဋိပက္ခအတွင်းမှာ စစ်ကောင်စီတပ်က အမျိုးသမီးနှင့် ကလေးသူငယ်များကို ဦးတည်ပြီး တိုက်ခိုက်သလို ဖြစ်နေသည်ဟု အမျိုးသမီးနှင့် ကလေးသူငယ်အရေး လှုပ်ရှားနေသူ မိသုဇာထောက ပြောသည်။

    “သူတို့ (စစ်ကောင်စီတပ်) ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ထိချင်တာထိဆိုပြီး ပစ်လိုက်တယ်။ ဒါကြောင့် ခလေးငယ်တွေ၊ အမျိုးသမီးတွေ သေဆုံးကြရတယ်။ တရားမျှတမှုရှိတဲ့ စစ်ပွဲဆိုရင် ပြည်သူတွေကို ရန်ရှာလို့မရဘူး။ ရွာအပြင်ဘက်မှာ ပစ်ခတ်ကြပြီးရင်လည်း ရွာထဲကို လက်နက်ကြီးတွေ ပစ်ချလို့မရဘူးပေါ့လေ။ အခုက တစ်ခါသေလည်း အမျိုးသမီးပဲ၊ ခလေးတွေပဲ” ဟု ၎င်းက ပြောသည်။

    စစ်ရေးပဋိပက္ခဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်တို့က လူနေကျေးရွာထဲကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်ဖြစ်စဉ် ပိုမိုလုပ်ဆောင်လာကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတို့က ပြောသည်။

    “ဘယ်ပဋိပက္ခမဆို အများဆုံး ခံနေရတာက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေပေါ့။ တိုက်ပွဲဖြစ်ပွားတာနဲ့ စစ်ကောင်စီတပ်တွေက ပြည်သူလူထုရှိရာ နေရာကိုပဲ လက်နက်ကြီးတွေ ပစ်ခတ်တော့တာ။ စစ်ကောင်စီက ဒီလက်နက်ကိုင်ပဋိပက္ခကို အကြောင်းပြုပြီး လက်နက်ကြီးတွေ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ တအားလုပ်ဆောင်လာတယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်အဲမွန်က ပြောသည်။

    စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများလည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်ဟုလည်း BWU က ထုတ်ပြန်ထားသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် အပေါင်းအပါတို့ကြောင့် အမျိုးသမီး ၁၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks