Monday, March 16, 2026
More
    spot_img
    Homeသတင်းလက်ရှိ မွန်လူမျိုးများ ကြုံတွေ့နေရသည့် စစ်ဘေးသည် အတိတ်ကို ပြန်အမှတ်ရစေ

    လက်ရှိ မွန်လူမျိုးများ ကြုံတွေ့နေရသည့် စစ်ဘေးသည် အတိတ်ကို ပြန်အမှတ်ရစေ

    -

    လက်ရှိ မွန်လူမျိုးများ ကြုံတွေ့ခံစားနေရသည့် စစ်ဘေးသည် အတိတ်က ဟံသာဝတီမွန်နေပြည်တော် ကျဆုံးခဲ့စဉ်ကအကြောင်းအရာများကို ပြန်လည် အမှတ်ရစေသည်ဟု မွန်သံဃာတော်နှင့် မွန်လူမျိုးတို့က ဆိုသည်။

    ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်နေ့သည် မြန်မာဘုရင် ဦးအောင်ဇေယျက ဟံသာသတီမွန်နေပြည်တော်ကို တိုက်ပိုက်သိမ်းပိုက်ခဲ့သည့်နေ့ဖြစ်ပြီး ယနေ့ဆိုလျှင် ၂၆၇ နှစ် ရှိခဲ့ပြီဖြစ်သည်။

    ဟံသာဝတီမွန်နေပြည်တော် ကျဆုံးစဉ်က ရဟန်းသံဃာတော်များ၊ ကလေးငယ်များပါမကျန် သန်းပေါင်းများစွာသော မွန်လူမျိုးများ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သော မွန်တို့၏ စာပေ ကျမ်းဂန်များနှင့် မြို့ရွာများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

    မြန်မာဧကရာဇ်များနှင့် အာဏာရှင်အဆက်ဆက်မှ မွန်လူမျိုးတို့ကို ဖိနှိပ်ပြီး ယခုအချိန်အထိ မီးလောင်တိုက်သွင်း နေသည်မှာ ပြီးခဲ့သည့် ဓမ္မသရွာမီးရှို့ခံရသည့်ဖြစ်စဉ်က သက်သေပြနေသည်ဟု မွန်သံဃာတော်နှင့် မွန်လူမျိုတို့က ပြောသည်။

    “မွန်ဟံသာဝတီပျက်သုန်းစဉ်ကလည်း မီးရှိုးပျက်ဆီးခံခဲ့ရတယ်။ အခုလည်း အဲဒီလို ဖြစ်ရပ်ဆိုးမျိုးနည်းတူ ထပ်ကြုံခဲ့ရတယ်။ မကြာသေးခင်က ဓမ္မသရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်က သက်သေသာဓကပဲပေါ့နော်။ မွန်ပြည်သူတွေကို သတ်ဖြတ်တယ်။ မွန်ရွာတွေကို မီးရှို့တယ်။ အခုချိန်ထိပါပဲ” ဟု မွန်လူငယ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်တို့ အချူပ်အခြာအာဏာ ဆုံးရှုံးခဲ့သည့် ကဆုန်လပြည့်ကျော် ၈ ရက်နေ့ကို အစွဲပြုပြီး ဟံသာဝတီပျက်သုန်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မွန်လူမျိုးတို့က သတ်မှတ်ပြီး ထိုနေ့ရောက်တိုင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလေ့ရှိသည်။

    လက်ရှိ မွန်လူမျိုးများ ကြုံတွေ့ခံစားနေရသည့် စစ်ဘေးသည် အတိတ်က ဟံသာဝတီမွန်နေပြည်တော်ကျဆုံးခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကို ပြန်လည် အမှတ်ရစေသည်ဟု မွန်ဆရာတော်တစ်ပါးက မိန့်သည်။

    “လက်ရှိ မွန်လူမျိုးတွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေက အတိတ်ကအကြောင်းကို ပြန်လည် အမှတ်ရစေတယ်။ အနာဟောင်းကို ပြန်စွသလို ဖြစ်စေခဲ့တယ်။ ဟံသာဝတီပျက်သုန်းစဉ်ကနေ အခုချိန်ထိ မွန်လူမျိုးတွေက ထီးနန်း စွန့်လွှတ်ခဲ့ရတယ်။ ဒါကြောင့် အတိတ်ကအကြောင်းတွေကို ပြန်လည် သတိရမှတ်မိစေဖို့၊ ပြန်တမ်းတနေဖို့၊ သတိရှိကြဖို့နဲ့ မွန်လူမျိုးအနေနဲ့ ကိုယ့်လူမျိုး အခုလက်ရှိ ဘယ်အခြေအနေရောက်နေလဲဆိုတာကို သိစေချင်ပါတယ်” ဟု မွန်ဆရာတော်က မိန့်သည်။

    နောင်လာမည့် မျိုးဆက်သစ်များအနေဖြင့် အလားတူဖြစ်ရပ်ဆိုးမျိုး မကြုံတွေ့ရစေရန် မွန်လူမျိုးများ စည်းလုံးညီညွှတ်ကြဖို့လိုအပ်သည်ဟုလည်း ဆရာတော်က ဆက်မိန့်သည်။

    ဟံသာဝတီမွန်နေပြည်တော် ပျက်သုန်းခြင်း အောက်မေ့ဖွယ်နေ့အထိမ်းအမှတ်ကို ပြည်တွင်း၊ ပြည်ပမှာရှိသည့် မွန်လူမျိုးတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။

    အခမ်းအနားတွင် မွန်လူမျိုးများက အင်္ကျီအနက်ရောင် ဝတ်ဆင်ကြ၍ သံဃာတော်များ ပင့်ဖိတ်ပြီး ဆုတောင်းမေတ္တာပို့သခြင်း၊ လွန်လေပြီသော မွန်ဘုရင်၊ မွန်ပြည်သူလူထုနှင့် မွန်ရဲမက်ဗိုလ်ပါအပေါင်း တို့အား အမျှအတန်းပေးဝေးခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဟံသာဝတီသမိုင်းကြောင်း ဖတ်ကြားခြင်းများကို ပြုလုပ်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks