spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပအိုဝ်းဒေသတွင် အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေ

    ပအိုဝ်းဒေသတွင် အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေ

    -

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တို့တွင် အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

    မေလတွင် ဆီဆိုင်မြို့နယ်မှ ရပ်မိရပ်ဖ ၂ ဦးနှင့် မြို့ကိုဖြတ်သန်းသွားလာသူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

    မေလ ၂၂ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နမ့်စေမြဲကျေးရွာမှ အသက် ၅၀ အရွယ် ခွန်ဝင်းနိုင်ဆိုသူကို စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ သိရသည်။

    အဆိုပါနေ့တွင်ပင် နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင်ကိုလည်း ပြည်သူ့စစ်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

    “အခုက သူတို့ရဲ့အခြေအနေတွေက ကျွန်တော်တို့ပြောထားသလိုပါပဲ ဦးထက်နိုင်ကိုတော့ သင်္ချိုင်းကုန်းထဲကို ဖမ်းသွားတယ်။ သေလား ရှင်လားတော့ မသိရဘူး။ ကားတစ်စီး ဆိုင်ကယ်နှစ်စီးနဲ့ ရွှေ ငွေတွေလဲပါသွားတယ်။ နောက်ပြီးတော့ ခွန်ဝင်းနိုင်ကတော့ သိန်းတစ်ရာနဲ့ ကားတစ်စီးနဲ့ပြန်ရွေးရတယ်။ သူတို့ကို ဖမ်းသွားတာကတော့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA ပြည်သူ့စစ်တွေဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

    ၎င်းပြင် တောင်ကြီးနှင့် အခြားမြို့၊ ရွာတို့မှ ဆီဆိုင်ဒေသ၊ ပင်လောင်းဒေသသို့ ဖြတ်သန်းသွားလာခဲ့ကြသည့် ဒေသခံ ၅ ဦးထက်မနည်းလည်း မေလအတွင်း ပျောက်ဆုံးနေပြီး အချို့ကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်မှုများလည်းရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

    “အခု သိရသလောက်ဆို ၂ ယောက်ထက်မနည်းရှိတယ်ဗျ။ ဖြတ်ပြီးပြန်ကြတဲ့အခါ သူတို့နဲ့မတွေ့ရင်တော့ဘာမ မဖြစ်ဘူး။ အဲ့လိုတွေ့လို့ ညှိမရတာမျိုးတွေ မောင်းပြေးတာမျိုးတွေဆို ပစ်ခံရတာတွေဖြစ်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုး သားလွတ်မြာက်ရေးတပ်မတော် (PNLA ) တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်ခန့်ကစပြီး တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

    ပအိုဝ်းဒေသတိုက်ပွဲအတွင်း ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သားပြည်သူ ၆၉ ဦး သေဆုံးပြီး၊ ၉၈ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

    သေဆုံးသူများသည် လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးထိမှန်ပြီး သေဆုံးရသူ ၃၄ ဦး၊ စစ်ကောင်စီတပ် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁၈ ဦးနှင့် စစ်ဘေးရှောင်ရင်း စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးပြီး သတ်ဖြတ်ခံရသူများအပါအဝင် အခြားအကြောင်းအရာများကြောင့် သေဆုံးခဲ့ရသူ ၁၇ ဦးသည်ဟုလည်း ဖော်ပြထားသည်။

    လက်ရှိတွင် ပအိုဝ်းဒေသကို စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့က ကြီးစိုးနေပြီး ဒေသခံများအပေါ် မကြာခဏဆိုသလို အခွန်အခကောက်ခံမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

    ဆီဆိုင်နှင့် ပင်လောင်းဒေသတွင် မေလ ၂၂ နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တစ်ဘက်တွင်လည်း ဒေသခံများ နေရပ်ပြန်ရေးကိုလည်း စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks