spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းကျောင်းသုံးပစ္စည်းနှင့် ကျောင်းစရိတ်ကုန်ကျများခြင်းကြောင့် ကျောင်းသားမိဘတို့ခက်ခဲနေ

    ကျောင်းသုံးပစ္စည်းနှင့် ကျောင်းစရိတ်ကုန်ကျများခြင်းကြောင့် ကျောင်းသားမိဘတို့ခက်ခဲနေ

    -

    မွန်ပြည်နယ်တွင် ကျောင်းဖွင့်ရာသီဖြစ်သည့် ယခုမေလကုန်ပိုင်းအတွင်း ကျောင်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသည့်အပြင် ကလေးကျောင်းစရိတ်တို့လည်း ယခင်နှစ်တို့ထက် ကုန်ကျများမည်ဖြစ်ခြင်းကြောင့် အခက်ကြုံနေရသည်ဟု ကျောင်းသားမိဘတို့က ဆိုသည်။

    လာမည့်စာသင်နှစ်အတွက် ကျောင်းကားခ၊ ကျူရှင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းတို့သည် ယခင်စာသင်နှစ်ထက် နှစ်ဆပိုမိုကုန်ကျနေသည်ဟု ရေးမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကဆိုသည်။

    “မနှစ်နဲ့ဒီနှစ်က ဈးနှစ်ဆကွာတယ် မနှစ်က ကျာင်းသုံးပစ္စည်းဝယ်တာလေးသောင်းလောက်ပဲကုန်သွားတယ် ဒီနှစ် ၃ တန်းကလေးအတွက် ထီး၊မိုးကာ ၊စာအုပ်တွေ ဘာတွေဝယ်တာ ခုနှစ်သောင်းလောက်ကုန်သွားတယ် အများကြီးကုန်တယ်၊ အဲတာက ဝတ်စုံတွေ မပါသေး၊အင်္ကျီဟာင်းတွေပဲပြန်ဝတ်မယ် အဝတ်အစားပါထပ်ဝယ်ရင် သိန်းကျော်ကုန်မယ်ပေါ့" ဟု ဆိုသည်။

    လက်ရှိ ကျောင်းဖွင့်ရာသီတွင်  မူလတန်းကလေးသုံး ကျောပိုးအိတ်တစ်လုံး ၂၇၀၀၀ ကျပ်၊ရွှေကိုင်းထီးတစ်ချောင်း ၁၅၀၀၀ ကျပ်၊ ကလေးဝတ်မိုးကာတစ်တစ်စုံ ၁၂၀၀၀နှင့် မူလတန်းကလေးကျောင်းဝတ်စုံတစ်စုံ ၁၀၀၀၀ ဝန်းကျင်အထိ ဈေးရှိနေသည်ဟု သိရသည်။

    အလုပ်အကိုင်ရှားပါးမှုနှင့် ကျောင်းကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့်  မြို့ပေါ်ကျောင်းမှ ကျေးလက်ကျောင်းသို့ ပြောင်းရွေ့ထားသည်ဟုလည်း ၎င်းကျောင်းသားမိဘက ဆက်ပြောသည်။

    “ကျမကလေးတွေကို မနှစ်က ရေးမြို့ကျောင်းထားထားတာ ကျောင်းကားခက တစ်လကို သုံးသောင်းပေးရတယ် သူတို့ကျူရှင်ခလည်း တစ်လ တစ်သောင်း ၊စားစရိတ်ဘာစရိတ် မတတ်နိုင်လို့ အဲကြောင့် မြို့မှာမထားနိုင်တော့လို့ ရွာမှာပဲ ကျောင်းပြန်လာထားလိုက်တယ်" ဟု ဆိုသည်။

    ထို့အပြင် ကုန်ကျစရိတ်သက်သာလိုသည့် ကျောင်းသားမိဘအချို့လည်း အစိုးရစာသင်ကျောင်းမှ မွန်အမျိုးသားကျောင်းသို့ ပြောင်းရွှေ့အပ်နှံထားသူတို့လည်းရှိသည်ဟု သိရသည်။

    လက်ရှိကာလတွင် ပညာရေးထက် စားဝတ်နေရေး ပိုမိုရုန်းကန်နေရသည့် အခြေခံလူတန်းစားမှ ကလေးသူငယ်တို့ ပညာသင်ကြားနိုင်သည့်အခွင့်အလမ်းနည်းပါးသွားသည်ဟုလည်း ကလေးသူငယ်အရေး စောင့်ကြည့်လေ့လာသူတို့မှ သုံးသပ်ပြောဆိုထားသည်။

    ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားကျောင်းသူနှင့် ကလေးသူငယ်တို့ကို ကူညီထောက်ပံ့သည့် အဖွဲ့အစည်းတို့လည်း မရှိသလောက်နည်းပါးသွားသည်ဟု သိရသည်။

    ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေလ ၂၃ ရက်မှ စတင်လက်ခံလျှက်ရှိရာ ၅ ရက်အတွင်း ကျောင်းအပ်နှံထားသည့် ကျောင်းသားကျောင်းသူ ၅၁ သိန်းကျော်ရှိသည်ဟု စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts