Homeသတင်းစက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်၍ တန်းစီဝယ်ယူနေ

စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်၍ တန်းစီဝယ်ယူနေ

-

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အများစုတွင် ယနေ့မေလ ၂၃ ရက်နေ့မနက်ပိုင်းတွင် ဝယ်လိုအားများ၍ တန်းစီစောင့်ဆိုင်းနေရသည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား ( ဒေသအခေါ် ) မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် စက်သုံးဆီ ပြတ်လပ်မည်ကိုစိုးရိမ်ပြီး အလုအယက် ဝယ်ယူစုဆောင်းနေသည်ဟု သိရသည်။

“တံတားကျိုးသွားပြီးတော့ စိုးရိမ်စိတ်နဲ့ ပြေးဝယ်နေကြတယ်၊ ရောင်းတော့ ရောင်းပေးနေသေးတယ် လိုသလောက်တော့ ဝယ်လို့ရနေသေးတယ်၊ တိုးလာပြီးတော့ အလုယက်ဝယ်တာရှိတယ်ပေါ့” ဟု ပေါင်ဒေသခံတစ်ဦးက ဆိုသည်။

ပေါင်မြို့နယ်ရှိ စက်သုံးဆီဆိုင်တို့တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးရာမှ နေ့လည်ပိုင်းတွင် စက်သုံးဆီပြတ်လပ်မှုရှိလာခြင်းကြောင့် ဆိုင်အချို့ အရောင်းရပ်ထားရကြောင်း သိရသည်။

ထို့အပြင် မော်လမြိုင်မြို့ပေါ်တွင်လည်း ဆီဆိုင်တစ်ချို့စက်သုံးဆီပြတ်လပ်မှုရှိနေပြီး ဆိုင်အချို့တွင် လိုအပ်သလောက် ဝယ်ယူ၍ ရနေသေးကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“အခုမော်လမြိုင် ဆီဆိုင်တွေ အားလုံးပဲ တန်းစီနေတုန်းပဲ တချို့ဆိုင်မှာလိုသလောက်မရတော့ဘူး ငန်းတေးမီးစက်နားက win ဆိုင်မှာတော့ လိုသလောက်ရတယ် တန်းတော့စီရတယ်” ဟု ဆိုသည်။

ယနေ့ Denko ဆီဆိုင်မှ ဈေးနှုန်းသတ်မှတ်ချက်အရ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၈၃၀ ကျပ်၊ ၉၂ တစ်လီတာလျှင် ၂၇၀၅ ကျပ်ဟု ပေါက်ဈေးသတ်မှတ်ထားသော်လည်း အပြင်ဈေးကွက်ဖြင့်ရောင်းနေသည့်ဆိုင်အချို့တွင် ၃ ထောင်ကျော် ၄ ထောင်အထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့မှစ၍ မော်လမြိုင် – ရန်ကုန် ကားလမ်းမပေါ်တွင် ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲပြီးနောက် စက်သုံးဆီဝင်ရောက်မှု နှောင့်နှေးလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts