Homeသတင်းသထုံတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ကလေးအပါ ၁၅ ဦးထက်မနည်း ဒဏ်ရာရ

သထုံတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ကလေးအပါ ၁၅ ဦးထက်မနည်း ဒဏ်ရာရ

-

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တွင် မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၃ ဦးသေဆုံးပြီး၊ ကလေးအပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမတ ၃၁၄၊ ခမရ ၉ နှင့် ခလရ ၈ တပ်ရင်း တပ်စခန်းတို့မှ ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာများထဲ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးသည် ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်ကျေးရွာအုပ်စုနှင့် အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဝန်းကြီးရွာမှ အသက် ၄၈ နှစ်ရှိ ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်ရှိ ဒေါ်မြသိန်းနှင့် ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ်ရှိ ဒေါ်ခင်မေတို့ ၃ ဦး ထိမှန်သေဆုံးသွားခဲ့သည်။

၎င်းပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ဒေါက်ရပ်နှင့် အဝန်းကြီးကျေးရွာမှ အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ် ကလေး ၆ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်၊ အဝန်းကြီး၊ ရွှေရောင်ပြကျေးရွာမှ နေအိမ်အလုံး ၂၀ လုံးထက်မနည်းအပါအဝင် ဆိုင်ကယ်နှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးသွားသည်လည်းရှိနေသည်။

KNU သထုံခရိုင်က ထုတ်ပြန်ထားချက်အရ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် လက်ရှိတွင် အဝန်းကြီး၊ ဇီးဝန်း၊ ရွှေရောင်ပြ၊ ဒေါက်ရပ်၊ ပန်းအောင်ကုန်း၊ ခလောက်အင်း၊ မရမ်းကုန်း၊ မိချောင်းအိုင် အစရှိသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တို့မှ ဘီးလင်းနှင့် သထုံကြားရှိ ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts