Home သတင်း မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်နေ

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် စက်သုံးဆီဝယ်လိုအားများလာပြီး ယနေ့မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိဆီဆိုင်တစ်ချို့ စက်သုံးဆီပြတ်လပ်မှုရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က မော်လမြိုင်- ရန်ကုန် ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားမိုင်းထောင်ဖောက်ခွဲခံရပြီးနောက် စက်သုံးဆီယာဉ်များ မော်လမြိုင်မြို့ပေါ်သို့ ဝင်ရောက်လာခြင်းမရှိခြင်းကြောင့် မြို့ခံတို့ ဆီဝယ်လိုမှုများလာပြီး ဆီပြတ်လပ်မှုဖြစ်လာသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

" ပြတ်တယ်လို့တော့ ပြောလို့ရတယ်ပေမဲ့ လုံးဝပြတ်တဲ့ပုံစံတော့မဟုတ်ဘူးပေါ့၊ ဟိုဆိုင်က ကုန်သလောက်ရောင်းလိုက်၊ ပိတ်လိုက်၊ နောက်နေ့ပြန်ရောင်းလိုက် ပိတ်တဲ့ဆိုင်ကများပါတယ်" ဟု ဆိုသည်။

ယနေ့ မေလ ၁၄ ရက်နေ့မနက်ပိုင်းတွင် အချိန်မိနစ် ၂၀ ခန့်တန်းစီပြီး ငွေကျပ် ၃၀၀၀ ဖိုးခန့် ရောင်းချပေးနေသော်လည်း ညနေပိုင်းတွင် ဆိုင်အများစု အရောင်းပိတ်ထားသည်ဟု ဆက်ပြောသည်။

၎င်းအပြင် မော်လမြိုင်မြို့ပေါ်ရှိ မြတ်မေတ္တာမွန်၊ Denko ဆီဆိုင်တို့သည် ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရသည့် မတ်လ ၁၁ ကနေ့ပင် ဆိုင်ပိတ်ထားကြောင်း သိရသည်။

နောက်ဆက်တွဲသတင်းများအရ ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် စက်သုံးဆီယာဉ်တို့ ဝင်ရောက်လာပြီး စက်သုံးဆီပြန်လည်ရောင်းချပေးမည်ဟုလည်း စက်သုံးဆီဆိုင်တာဝန်ရှိသူတစ်ချို့ ပြောဆိုလျှက်ရှိသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရပြီးနောက် မွန်၊ကရင်၊ တနင်္သာရီဘက်မှ ရန်ကုန်ဘက်သို ကုန်စည်စီးဆင်းမှုရပ်တန့်သွားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.