spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းနေ့စဉ်နီးပါး ဖမ်းဆီးခံနေရသော်လည်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူများဆဲ

    နေ့စဉ်နီးပါး ဖမ်းဆီးခံနေရသော်လည်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူများဆဲ

    -

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ အသက်ဘေးအန္တရာယ် စိုးရိမ်းမှု၊ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးနာချင်းထိုင်းနိုင်ငံကို ဘုရားသုံးဆူနယ်စပ်မှတဆင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ပိုမိုများပြားလာနေပြီး ဖမ်းဆီးခံရမှုလည်း နေ့စဉ်နီးပါး ရှိနေသည်ဟု ပွဲစားနှင့် ကားသမားများထံမှ သိရသည်။

    ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေသည့် မြန်မာနိုင်ငံသားများသည် ပိုမိုများပြားလာနေပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်ရှိနေသည်ဟု ဆိုသည်။

    “မှောင်ခိုလမ်းကြောင်းနဲ့ သွားတဲ့အခါ အခက်အခဲကတော့ အများကြီးရှိတာပေါ့။ တစ်ခါတစ်လေ ဖမ်းခံထိကြတယ်။ ပွဲစားကောင်းရင် ပွဲစားက ကိုယ့်ကို သွားထုတ်ပေးပြီး နေရပ်ကို ပြန်ပို့ပေးတယ်။ ထိုင်းနိုင်ငံထဲအထိ ရောက်သွားရင်တောင် တစ်ခါတစ်လေ ဖမ်းခံရတာမျိုး ရှိတယ်။ အဲလူတွေကို မြန်မာပြည်ပြန်ပို့တယ်။ အဲလူတွေက ထိုင်းကို ထပ်ဝင်ကြပြန်တယ်။ အခြေအနေကောင်းရင် မလေးရှားထိကို ခိုးဝင်သွားကြတယ်” ဟု ပွဲစားတစ်ဦးက ဆိုသည်။

    ထိုင်းနိုင်ငံထဲကို ဝင်ရောက်နိုင်ရန် ပို့ဆောင်ပေးသူဟုဆိုသည့် ပွဲစားကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၅၀ ဝန်းကျင်အထိ ပေးဆောင်ရသည်ဟု သူက ဆက်ပြောသည်။

    အများစုက တရားမဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကြသည့်အတွက် ပွဲစားဖြင့်သာ ဝင်နေကြပြီး အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူတစ်ဦးက ပြောသည်။

    ၎င်းက “ကျနော်တို့ ထိုင်းကို တရားဝင် ထွက်လာလို့ မရတော့ တရားမဝင်ပေါ့ ခိုးပြီးတော့ ထွက်လာတယ်။ ခိုးထွက်လာတာဖြစ်တဲ့အတွက် ကျနော်တို့ ပွဲစားနဲ့ ချိတ်တယ်ပေါ့လေ။ တစ်ယောက်ကို သိန်း ၂၀ ပေးရတယ်။ မဟာချိုင်အထိပေါ့။ သူ(ပွဲစား) က အလုပ်ရှာပေးမယ်ဆိုပြီးတော့မှ ကျနော်တို့လာတယ်။ အခက်အခဲကတော့ အများကြီးပဲ။ ကျနော်တို့ လာတဲ့ တစ်လမ်းလုံးဆိုရင် စစ်ဆေးတဲ့ဂိတ်တွေ အများကြီးပဲ ရှိတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေများကြောင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ပြေးဆွဲနေသည့် ကားသမားတစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် လူရာနှင့်ချီ ဘုရားသုံးဆူမြို့ဘက်ကို ဝင်ရောက်နေကြသည်ဟု ဆိုသည်။

    “ထိုင်းတက်တဲ့လူတွေ များတယ်။ တစ်နေ့ကို ကားအစီးရေ ၂၀၊ ၃၀ က ပုံမှန်တက်နေတာပဲ။ ကားတစ်စီးမှာ လူ ၁၀ ယောက်၊ ၁၀ ယောက်ကျော်လောက် ရှိတာပေါ့။ အများအားဖြင့်တော့ အညာဒေသကလူတွေ သွားတာများတယ်။ မွန်ပြည်နယ်ကလူတွေလည်း တက်လာနေကြပါတယ်။ ကော့ဘိန်းတို့ ဓမ္မသတို့လို ရွာတွေမှာဆိုရင် သူတို့ရွာမှာက နေလို့မရတော့ဘူးဆိုတော့ ဆွေးမျိုးရှိရာ ထိုင်းကိုပဲ ပြေးထွက်လာကြတဲ့လူတွေ များတယ်” ဟု အထက်ပါ ကားသမားက ပြောသည်။

    လက်ရှိတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ များပြားလာသကဲ့သို့ အခြားပြည်ပနိုင်ငံကို ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများလည်း များပြားလာနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks