spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကျိုက်မရော စစ်ဘေးရှောင်ဒေသခံများ နေအိမ်ပြန်နိုင်ရန် ငွေကြေးတောင်းခံနေရ

    ကျိုက်မရော စစ်ဘေးရှောင်ဒေသခံများ နေအိမ်ပြန်နိုင်ရန် ငွေကြေးတောင်းခံနေရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ အစရှိသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်နေသည့်‌ဒေသခံများ မိမိတို့၏ နေအိမ်ပြန်နိုင်ရန်အတွက် ငွေကြေးတောင်းခံနေရသည်ဟု ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာတို့သည် တည်ငြိမ်အေးချမ်းနေပြီးဖြစ်သည့်အတွက် စစ်ဘေးရှောင်သူများ နေရပ်ပြန်လာနိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    နေရပ်ပြန်လာသည့် ဒေသခံတို့သည် ရွာအဝင်နေရာတို့တွင် စောင့်ဆိုင်းနေသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့ကို ငွေကျပ်သောင်းဂဏန်းအထိ ပေးဆောင်နေရသော်လည်း ထုတ်ဖော်ပြောဆိုမှု မလုပ်ဆောင်ရဲကြကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

    ” ရွာပြန်ဝင်လို့ရပြီးဆိုတဲ့ သတင်းကြားတော့ သံကလောင်ရွာသားတွေ တစ်ကားပြန်လာတယ်။ တရနာရောက်တဲ့ခါမှာ တရနာရဲက ရွာထဲဝင်ဖို့အတွက် ပိုက်ဆံ ၂၅၀၀၀၀ တောင်းတယ်။ တစ်ကားလုံးစာပေါ့။ တရနာရွာသားတွေလည်း မပေးခံထိတာမဟုတ်ဘူး အသံမထွက်တာပဲရှိတယ်။ သူတို့ပိုက်ဆံယူတာကလည်း ပြန်တဲ့လူတိုင်းကိုတောင် ယူတာမဟုတ်ဘူ။ လူကိုကြည့်ပြီး ယူတာလား ကိုယ်နဲ့ကြုံလို့ကိုယ်ကပေးရတာလား။ မသိတော့ဘူး” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် အဆိုပါဒေသတစ်လျှောက် နေရပ်ပြန်သူတို့သည် မိမိတို့၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စသည့်အထောက်အထားတို့ ပြသနိုင်မှသာ ထိုရွာသားအဖြစ်အသိမှတ်ပြုခံရပြီး ကျေးရွာအတွင်းသို့ ဝင်ခွင့်ပြုနေကြောင်း ဒေသခံတို့က ပြောဆိုနေကြသည်။

    “တရနာရွာရဲ့ထိပ်မှာပဲ သူတို့ဂိတ်ရှိနေတာ။ အဲမှာပဲသူတို့စစ်နေတယ်ပေါ့၊ ဓမ္မသရွာသားတော့ဒီဘက်လာတာနည်းတယ်။ သံကလောင်တို့ ကျွန်းကုန်ရွာတို့ပဲ သွားလာများတယ်။ သူတို့ဖွင့်တဲ့ရက်တစ်ချက်ပဲ ဝင်လို့ရမှာ မနက် ၉ နာရီကနေ နေ့လည် ၁၂ ထိပဲ။ သူစဖွင့်မယ့်ချိန်ထိ အဲ့ဂိတ်မှာ တန်းစီပြီးစောင့်နေရတာ။ ညနေဘက်တော့ သွားလာမလွယ်တော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်တပ်တို့သည် နေရပ်ပြန်ရန် ဧပြီလ ၂၈ ရက်နေ့က ကြေညာထားသော်လည်း နေအိမ်အဆောက်အအုံနှင့် လမ်းကြိုလမ်းကြားတွင် နေရာယူထားသည့် ၎င်းတို့တပ်ဖွဲ့က ပြန်လည်ထွက်ခွာခြင်းမရှိသေးကြောင်း သိရသည်။

    ထို့ကြောင့် စစ်ဆေးမှုများနေသည့်အပြင် ရွာအတွင်းရှိ စစ်ကောင်စီတပ်တို့နှင့် ထိပ်တိုက်မတွေ့ဆုံလိုခြင်းကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲသေးကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသူတို့က ဆိုသည်။

    ယာယီနေရပ်စွန့်ခွာသူတို့သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့အထိ ဓမ္မသတ်ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ်ကျေးရွာသို့ ဒေသခံအမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး စုစုပေါင်း ၂၂၀ ဦးအထိ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    နေရပ်စွန့်ခွာခဲ့ရသည့် ၁ လတာကာလအတွင်း နေအိမ် မီးလောင်ခံရမှုရှိသလို မီးလောင်မခံရသည့်နေအိမ်တို့တွင်လည်း ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းတို့ ပျောက်ဆုံးလျှက်ရှိကြောင်း ဒေသခံတို့ကဆိုသည်။

    ယခင်စစ်မျက်နှာပြင်ဖြစ်ခဲ့သည့် ဓမ္မသတ်ရွာနှင့် ကော့ဗိန်းကျေးရွာတို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် စစ်ကောင်တပ်မှ နယ်မြေရှင်းလင်းရေးအကြောင်းပြုပြီး ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဝင်ရောက်လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks