Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမိုးစပါးအရင်းအနှီးကိစ္စ ဆောင်ရွက်ပေးနေသည့် စံနှုန်းလျော့ကျလာ

    မိုးစပါးအရင်းအနှီးကိစ္စ ဆောင်ရွက်ပေးနေသည့် စံနှုန်းလျော့ကျလာ

    -

    စစ်ကောင်စီလက်အောက် လယ်ယာစိုက်ပျိုးရေးဌာနမှ အရင်းအနှီးအဖြစ် ထုတ်ပေးနေသည့် မြေဩဇာနှင့်စိုက်ပျိုးစရိတ်ချေးငွေကိစ္စတို့သည် တစ်နှစ်ထက်တစ်နှစ် ဆောင်ရွက်ပေးနေသည့်စံနှုန်းတို့ လျော့ကျလာသည်ဟု တောင်သူတို့က ဆိုသည်။

    မိုးစပါးစိုက်ပျိုးရန်အတွက် နှစ်စဉ်ဧပြီလတွင် မြေသြဇာအပြီးထုတ်ပေးနေသော်လည်း ယခုနှစ်တွင် ကြန့်ကြာနေသည့်အတွက် ရရှိရန်မသေချာဟု ချောင်းဆုံမြို့နယ်မှ လယ်ယာစိုက်တောင်သူတစ်ဦးက ဆိုသည်။

    “လယ်ယာလုပ်ငန်းအတွက် ဆောင်ရွက်ပေးနေတဲ့အစိုးရက တစ်နှစ်နဲ့တစ်နှစ် ဆောင်ရွက်ပေးတဲ့စံနှုန်းတွေ လျော့လျော့လာတယ်။ အရင်ကဒီအချိန်ဆို ၄ လပိုင်းမှာ မြေသြဇာတွေ ထုတ်ပေးနေပြီး။ အခုကထုတ်ပေးတဲ့အချိန်ကနှေးလာတယ်။ ဘယ်အချိန်မှ ပေးတာလည်းမသိနေဘူး၊ ရဖို့တောင်မသေချာလားမသိဘူး ” ဟု ဆိုသည်။

    ယခင်နှစ်တွင် ယူဆောင်ထားသည့် စိုက်ပျိုးစရိတ်ချေးငွေကို ပြန်လည်စပ်မည့်သူ ကျန်ရှိနေခြင်းကြောင့် ယခုနှစ်အတွက် ထုတ်ချေးပေးမည့် အရင်အနှီးကိစ္စ ကြန့်ကြာနိုင်ကြောင်းလည်း တောင်သူအချို့က သုံးသပ်သည်။

    ချေးငွေကို လာမည့်ဇွန်လတွင် ထုတ်ပေးမည်ဖြစ်ပြီး အရင်းနှီးများကိုရယူရန် ဆောင်ရွက်ရသည့် လုပ်ငန်းအဆင့်ဆင့်များလာသည့်အပြင် ထုတ်ပေးနေသည့် ပမဏ နည်းလွန်းနေခြင်းကြောင့် ထိရောက်မှုမရှိနေကြောင်း ၎င်းတောင်သူတစ်ဦးက ဆိုသည်။

    “စပါးစိုက်ဖို့ မြေသြဇာတွေ ချေးငွေတွေပေးနေတယ်ဆိုပါတော့။ သူတို့ပေးတဲ့ဟာကို ရဖို့ လက်မှတ်၁၀ နေရာတောင်သွားထိုးနေရတယ်။ ပေးတဲ့မြေသြဇာကလည်း ၄ ဧက ဆိုရင် အိတ်တစ်ဝက်ပဲပေးတယ်၊ ချေးငွေကလည်း အခုဧပြီလ ထဲပေးရင် တစ်မျိုးပေါ့။ လယ်သမားတွေ လယ်ထွန်ပြီး ပစ္စည်းစုပြီးတဲ့အချိန်မှ ချပေးတာ ” ဟု ဆိုသည်။

    ထို့ကြောင့် မိုးစပါးချေးငွေကို ပြီးခဲ့သည့်နှစ်ထက် ထပ်တိုးချေးပေရန် ဆန္ဒရှိနေသည်ဟုလည်း တောင်သူတို့က ဆိုသည်။

    ပြီးခဲ့သည့်နှစ်တွင် မွန်ပြည်နယ်အတွင်း ရေကြီးနှစ်မြှပ်မှုဒဏ်ကြောင့် စပါးအထွက်နှုန်းလျော့ကျကာ အရှုံးပေါ်ခဲ့ခြင်းကြောင့် မိုးစပါးလုပ်ငန်း လုပ်ကိုင်သူ လျော့ကျလာသည်ဟု မုဒုံမြို့နယ်မှ စပါးတောင်သူတစ်ဦးက ဆိုသည်။

    “ မနှစ်က စပါးအထွက်နှုန်းကလည်းနည်း အဲဒဏ်ကိုခံရတာများတော့ ဒီနှစ်မှာ ၁၀ ယောက်ထဲက ၇ ယောက်ပဲကျန်တော့တာ။ ကိုယ်ရဲ့အနီးအနားမှာရှိတဲ့မြေဧကတွေကမလုပ်ကြတဲ့အတွက် မြေပျက်စီးတာ စပါးကြွက်ကိုက်တာ အဲလိုဖြစ်တယ်ပေါ့၊ အဲကြောင့်လည်း ဒီနှစ်စပါးအထွက်နှုန်းက လျော့နေအုံးမှာပဲ"ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောနှင့် မုဒုံမြို့တို့တွင် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း မိုးသန်းထန်စွာရွာသွန်းမှုကြောင့် စပါးဧကသိန်းနှင့်ချီ ရေနစ်မြှပ်ခဲ့ပြီး ဧက ၃ သောင်းကျော် ပျက်စီးခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနစာရင်းအရ သိရသည်။

    မိုးစပါးစိုက်တောင်သူတို့ကို နှစ်စဉ် တစ်ဧက ၁ သိန်းခွဲနှုန်းဖြင့် အများဆုံး ၁၀ ဧကစာသာ ထုတ်ချေပေးနေသည်ဟု သိရသည်။

    မိုးစပါးစတင်စိုက်ပျိုးရန် တောင်သူအများစု စတင်ပြင်ဆင်နေသော်လည်း စစ်ဘေးရှောင်နေရသည့် ကျိုက်မရောမြို့နယ်မှတောင်သူတို့ ယခုနှစ်မိုးစပါးစိုက်ပျိုးရန် မသေချာဟုလည်း ပြောဆိုနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks