Tuesday, March 24, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် စစ်ဆေးမှုတင်းကြပ်ထားပြီး ဖမ်းဆီးမှုပြုလုပ်နေလို့ သွားလာရေးမလုံခြုံတော့ဟုဆို

    မွန်ပြည်နယ်တွင် စစ်ဆေးမှုတင်းကြပ်ထားပြီး ဖမ်းဆီးမှုပြုလုပ်နေလို့ သွားလာရေးမလုံခြုံတော့ဟုဆို

    -

    မွန်ပြည်နယ်အတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်ထားပြီး သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်တိုက်လုပ်ဆောင်လာနေသည့်အတွက် ပြည်သူများ သွားလာရာတွင် လုံခြုံမှုမရှိတော့ဘူးလို့ ဆိုသည်။

    ပြည်နယ်အတွင်း အထူးသဖြင့် မြို့ပေါ်တွင် စစ်ကောင်စီက သွားလာနေသူများကို ဖုန်းယူစစ်ခြင်း၊ facebook၊ messenger၊ telegram အစရှိသည့် လူမှုကွန်ယက်စာမျက်နှာအသုံးပြုထားခြင်းကို စစ်ဆေးခြင်းအပြင် Kpay အကောင့်အသုံးပြုမှုကိုလည်း စစ်ဆေးနေသည်ဟု ဒေသခံတို့က ပြောသည်။ အထူးသဖြင့် လူငယ်များကို ပစ်မှတ်ထား စစ်ဆေးနေသည်ဟု မုဒုံမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

    “အဓိက ဖုန်းစစ်တယ်။ အသံပို့ ထားတာရော မွန်လိုဆိုရင် ဘာတွေပြောထားလဲ စစ်မေးတယ်။ မုဒုံက လူငယ် ၂ ယောက်ဆိုရင် မီးလောင်သွားတဲ့ ဓမ္မသရွာအတွက် Kpay ကနေ အလှူငွေထည့်တာကို PDF ထောက်ပံ့ပေး နေတယ် စွပ်စွဲပြီး အဲလူငယ် ၂ ယောက်ကို ဖမ်းတယ်။ ငွေပေးပြီးမှ လွှတ်ပေးတယ်” ဟု ၎င်းက ပြောသည်။

    မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဧပြီလ ၈ ရက်နေ့ကစပြီးလည်း မော်လမြိုင်မြို့တွင် စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားသည်ဟု မြို့ခံတို့က ပြောသည်။

    ၎င်းပြင် ဧပြီလဒုတိယအပတ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဆိုပြီး မော်လမြိုင်မြို့ခံ ၄ ဦးထက်မနည်းကိုလည်း စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့သည်။

    စစ်ကောင်စီမှ ယခုလို စွပ်စွဲပြီး ဖမ်ဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူတို့က လုံခြုံရေးစိုးရိမ်ကာ အသွားအလာမပြုရဲကြတော့သည့်အနေအထားဖြစ်နေသည်။

    “ဖုန်းပဲ အဓိက စစ်တယ်။ မှတ်ပုံတင်တွေ ဘာတွေ မစစ်ဘူး။ ဖုန်းစစ်ရင် လိုင်ဖွင့်ခိုင်းပြီးတော့ share ထားတာတွေ စစ်တယ်။ မော်လမြိုင်မှာဆို နေ့တိုင်းပဲ စစ်နေတာ” ဟု မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်နေသူတစ်ဦးက ပြောသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့တို့ကို ငွေကြေးထောက်ပံ့နေသည်ဆိုပြီး မတ်လအတွင်းက ဒေသခံ ၇ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

    ၎င်းပြင် ဖမ်းဆီးခံရသူများနှင့် ဆက်စပ်သူများကိုလည်း စစ်ကောင်စီက လိုက်လံရှာဖွေနေသည့်အတွက် တိမ်းရှောင်နေရသူများလည်း ရှိနေသည်။

    “pdf ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့လူတွေနဲ့ နီးစပ်တဲ့သူတွေဆို ရှောင်နေရတယ်။ နောက်တခုက ညဘက် ရော်ဘာခြံလည်းမသွားရဲဘူး။ စစ်မှူးထမ်းဖို့ ခေါ်သွားမှားလည်း ကြောက်ရတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    တစ်ဖက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဟု ထုတ်ပြန်ထားပြီး လက်ရှိတွင် ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks