spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအမျိုးသားလွတ်မြောက်ရေးအတွက် မွန်တော်လှန်ရေးအဖွဲ့အားလုံး ပူးပေါင်းကြရန် လိုဟု NMSP-AD ပြော

    အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တော်လှန်ရေးအဖွဲ့အားလုံး ပူးပေါင်းကြရန် လိုဟု NMSP-AD ပြော

    -

    မွန်အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြောဆိုလိုက်သည်။

    မွန်တော်လှန်ရေးအဖွဲ့အစည်းများကြား နိုင်ငံရေးရပ်တည်ချက် မတူညီကြသော်လည်း မွန်အမျိုးသားလွတ်မြောက်ရေးနှင့် လက်ရှိတော်လှန်ရေး အမြန်အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းသွားကြရမည်ဟုလည်း NMSP-AD ဆိုသည်။

    မွန်ပြည်သစ်ပါတီ NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက “စစ်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့တွေ ပူးပေါင်းသွားရမယ်။ လောလောဆယ် စစ်ရေးအနေနဲ့ ဘယ်လိုပူးပေါင်းသွားကြမလဲဆိုတာကို အခု ထိပ်ပိုင်းခေါင်းဆောင်တွေက စဉ်းစားနေကြတာရှိတယ်။ အနာဂတ်နိုင်ငံရေး ရပ်တည်ချက်က မတူညီတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ မွန်အမျိုးသားလွတ်မြောက်ရေးအတွက်ရော၊ လက်ရှိတော်လှန်ရေး မြန်မြန်အောင်မြင်သွားဖို့အတွက်ရော လောလောဆယ် စစ်ရေးအရ ကျနော်တို့ ပူးပေါင်းသွားကြရမှာ ဖြစ်တယ်။ ကျနော်တို့လည်း အဲဒီလို ဆုံးဖြတ်ထားတာရှိတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးပူးပေါင်းသွားမလဲဆိုတာကိုတော့ ကျနော်တို့ အနာဂတ်မှာ စစ်ရေးဘယ်လိုလှုပ်ရှားမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်သစ်ပါတီ(AD) သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှကို တိုက်ဖျက်သွားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံပြီး တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်သွားရန်နှင့် မွန်လူမျိုးများ၏ စည်းလုံးညီညွှတ်ရေး၊ လူပေါင်းစုံချစ်ကြည်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်တည်ဆောက်သွားရန် စသည့် နိုင်ငံရေးရပ်တည်ချက် ၅ ချက် ပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    မွန်ပြည်သူများအနေဖြင့်လည်း စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစုတစည်းတည်းဖြစ်ရန် မွန်ပြည်သူတွေက လိုလားနေကြသည်ဟုလည်း နိုင်ကောင်းစကားက ဆက်ပြောသည်။

    “ကျနော်တို့ကလည်း အဲဒီလို တစုတစည်းတည်းဖြစ်အောင် ပူးပေါင်းသွားဖို့ စဉ်းစားထားတာ ရှိတယ်ဆိုတာကို သတင်းစကားပါးချင်ပါတယ်။ ဒါကလည်း မကြာခင် ဖြစ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အားလုံးက မွန်အမျိုးသား လွတ်မြောက်ရေးရဖို့အတွက် တိုက်ပွဲဝင်နေရတဲ့ ရည်မှန်းချက်ပန်းတိုင်လည်း အတူတူတွေပဲ ဖြစ်နေတဲ့အတွက်ကြောင့်ပါ” ဟု ၎င်းက ပြောသည်။

    လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံရှိသည့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့တို့က ပါတီမှ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အမည်ဖြင့် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကြေညာခဲ့သည်။

    မွန်ပြည်သစ်ပါတီ (AD) မှ ထိုကဲ့သို့ ထုတ်ပြန်လာပြီးနောက် မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမိုများပြားလာပြီး တိုက်ပွဲများလည်း ပြင်းထန်လာခဲ့သည်။

    လာမည့်ကာလတွင် မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန် ၂ ဆ/၃ဆ ခန့် ပိုမိုမြှင့်တင်သွားမည်ဖြစ်သလို တိုက်ပွဲကြီးများလည်း ဖော်ဆောင်သွားရန် ရှိနေသည်ဟု မွန်ပြည်သစ်ပါတီ (AD) က ကြေညာထားသည်။

    မွန်ပြည်နယ်အတွင်း မွန်ပြည်သစ်ပါတီ (AD) အပြင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF အစရှိသည့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့ ၅ ဖွဲ့ထက်မနည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks