Homeသတင်းဘီးလင်းတွင် မှန်လုံကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ဘီးလင်းတွင် မှန်လုံကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးတွင် ဧပြီလ ၄ ရက်နေ့က ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသား ၁ သေဆုံးကာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ကျော်မိုးယာဉ်လိုင်းမှ ခရီးသည်တင်မှန်လုံယာဉ်တစ်စီးသည် ယမန်နေ့ ည ၉ နာရီဝန်းကျင်အချိန်ခန့်က ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၁) နှင့် (၁၃၁/၂) ကြားတွင် မိုင်းခွဲခံရပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်။

အောင်ကျော်မိုး ခရီးသည်တင်မှန်လုံယာဉ် မိုင်းဆွဲ ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက် ကိုဇင်ကိုလတ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ယာဉ်နောက်လိုက်က လည်ပင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီးတော့ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအနက် ဧရာဝတီတိုင်းမှ အသက် ၅၀ နှစ်အရွယ် ဦးထွန်းထွန်း၊ အသက် ၁၇ နှစ်အရွယ် မနှင်းဝေဇင်နှင့် နောက်ထပ်ယာဉ်နောက်လိုက် ၁ ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဇေယျာထွန်းတို့ ၃ ဦး ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ ပစ်ခတ်ခံရသည့် အောင်ကျော်မိုး ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် ယာဉ်မောင်း ၁ ဦး၊ ယာဉ်နောက်လိုက် ၂ ဦးနှင့် ခရီးသည် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦးလိုက်ပါလာသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ညပိုင်းအချိန်ကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် လူနာတင်ယာဉ်တစ်စီး မိုင်းခွဲ ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းနှင့် လူနာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts