မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ စစ်ရေးအရှိန်အဟုန်မြှင့်တင်မည်ဖြစ်သဖြင့် ပြည်သူများ အသွားလာသတိပြုကြရန် မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ယမန်နေ့မတ် (၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူအသွင်ဖြင့် စစ်အင်အားဖြည့်တင်းနေခြင်းကြောင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ရေးတောင်ပိုင်းမှ သရက်ချောင်းကျေးရွာအထိ ညနေ ၆ နာရီမှ မနက် ၆ နာရီတွင် သွားလာခြင်းမပြုရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့တို့မှ စစ်ရေးအရှိန်မြင့်တင်မည်ဟု ထုတ်ပြန်လာသည့်အပြင် လုံခြုံရေးအခြေအနေအရပ်ရပ်တို့ကြောင့် ရေးတောင်ပိုင်းဒေသတွင် အသွားအလာ လျော့နည်းလာသည်ဟုလည်း ရေးတောင်ပိုင်းဒေသခံတစ်ဦးက ဆိုသည်။
“အဲ့ထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာဆို လိုင်းပေါ်မှာစစ်ရေးဖော်ဆောင်မယ်လို့ တင်နေတာတွေရှိတယ်။ အဲ့နောက်ပိုင်းမှာ ဒေသကလူတွေအသွားလာနည်းသွားတယ်။ ခြံသွားတဲ့လူတွေရော မြို့ဘက်မှာ အလုပ်ရှိတဲ့သူတွေရော မသွားရဲကြတော့ဘူး ” ဟု ဆိုသည်။
ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ယခုကဲ့သို့ထုတ်ပြန်ထားပြီး လိုက်နာပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်ကို မွန်ပြည်တော်လှန်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်စုတို့မှ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း MSRF ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
၎င်းအပြင် လက်ရှိ ရေးတောင်ပိုင်း၌ နယ်မြေစိုးမိုးမှုကို တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့တို့က အသာစီးနေပြီး စစ်ကောင်စီတပ်အနေဖြင့်က ခံစစ်အနေထားသို့ ရောက်ရှိနေကြောင်း အရပ်ဖက်အဖွဲ့စည်းလှုပ်ရှားနေသူတစ်ဦးက ဆိုသည်။
“အခုအချိန်က ပြည်သူတွေမကဘူး စစ်တပ်ဘက်ကလည်း သတိနဲ့နေရတယ်။ သူတို့(စစ်တပ်)ကတပ်ရင်းအထဲမှာပဲနေနေတယ်။ အပြင်မထွက်ဘူး။ သူတို့က ရိက္ခာတွေကို အလုံလောက်ဖြည့်နေတာ။ သူတို့လူကလည်း တပ်ရင်းကနေ မပေးထွက်ဘူး။ အကြောင်းတစ်ခုခုထူးရင် တပ်ရင်းကနေ ပြန်ပစ်နေတာတွေရှိတယ် ” ဟုဆိုသည်။
လက်ရှိ MSRF နှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ပြီးခဲ့သည် မတ်လ ၂၃ ရက်နေ့တွင်လည်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် မလွှဲတောင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အလားတူ မတ်လ ၁၉ ရက်နေ့တွင် ရေး- ထားဝယ်ကားလမ်းပိုင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို နယ်မြေစိုးမိုးမှု ရယူနိုင်ခဲ့ကြောင်းလည်း မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ဒေါနစစ်ကြေင်းအပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က နယ်မြေစိုးမိုးမှု ရယူနိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။