Homeသတင်းမော့ကနင်ကျေးရွာ စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခြံသမားတစ်ဦးဒဏ်ရာရ

မော့ကနင်ကျေးရွာ စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခြံသမားတစ်ဦးဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရော်ဘာခြံအတွင်းကျရောက်ပေါက်ကွဲပြီး မော့ကနင်ရွာသစ်(ကုန်းပေါ်ရွာ)မှ ခြံသမား အမျိုးသမီးတစ်ဦးကို ထိမှန်သွားကြောင်း သိရသည်။

ယနေ့မတ်လ ၂၇ ရက်နေ့ နံနက် ၄နာရီအချိန်ခန့်တွင် မော့ကနင်အမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကုန်းပေါ်ရွာမှ အသက် ၄၈ နှစ်အရွယ်ရှိသည့် မိတင်မူ (မိတေန်မူ) ဆိုသည့် အမျိုးသမီးတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

“ခြံက အမြှောက်တပ် အနားပဲဆိုတော့ မနက်ကသူတို့ပစ်တော့ ခြံသမားက ဒဏ်ရာရသွားတာ၊ စစ်သားတွေကလည်း တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာမှာကို စိုးရိမ်တာလား ကြောက်တာလားမသိရမ်းသမ်း ပစ်နေတာ ခဏခဏ ပါပဲ ” ဟုမော့ကနင်ရွာသစ် ဒေသခံတစ်ဦးက ဆိုသည်။

၎င်းထိခိုက်ဒဏ်ရာသွားသည့် အမျိုးသမီးကို လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက် ၃၁၇ အမြှောက်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက် တိုက်ခိုက်နေခြင်း၊ စခန်းသိမ်းဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေရခြင်းကြောင့် မကြာခဏခြောက်လှန့်ပစ်ခတ်နေသည်ဟု ရွာခံတို့ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီဘက်တပ်ဘက်မှ လက်ရှိစိုးရိမ်နေရသည့်အခြေအနေတွင် ညဘက် ရာဘာခြံသမားတို့၏ လက်နှိပ်ဓါတ်မီးအလင်းရောင် မြင်မိလျှင် တော်လှန်ရေးတပ်ဖွဲ့တို့ဟု ထင်မှတ်နေခြင်းကြောင့် မှားယွင်းပြစ်ခတ်နေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

"ရာဘာခြံသမားတွေကတော့ အရင်တိုင်းပဲ သွားနေကြတာပဲ၊ ဒါပေမဲ့ ဒီရက်ပိုင်းက သူတို့ကပဲ လုပ်ယူတာလား ကြောက်လွန်းနေလားတော့ မသိဘူး ခြံသမားတွေဘက်ကို ပစ်လာတော့ ထိမှာပေါ့" ဟု ဆိုသည်။

၎င်းအပြင် မတ်လ ၂၅ ရက်နေ့တွင်ရေးမြို့နယ် အာယုတောင်ကျေးရွာနှင့် စုံနံ့သာကျေးရွာအကြား စစ်ကောင်စီတပ်နှင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်တို့ တပ်စွဲထားသည့် ခံသင်းတံတားဂိတ်ကို ရေးဘီလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရေးမြို့နယ် မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုနှင့် နှစ်ဖက်ပစ်ခတ်မှုတို့ကြောင့် အဆိုပါဒေသအတွင်း ရာဘာလုပ်ငန်း ရပ်နားထားရသည့် အခြေနေရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts