စစ်တပ် လုပ်ရပ်များကိုရှုတ်ချကြောင်း ယနေ့တွင် ကျရောက်သည့် စစ်ကောင်စီ၏ ၇၉ နှစ်မြောက် တပ်မတော်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။
မြန်မာစစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ကနေဒါသံရုံးက ပြောဆိုထားသည်။
စစ်တပ် အခန်းကဏ္ဍသည် ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေကို ကြီးလေးစွာ ချိုးဖောက်ခြင်းဖြစ်သည့် လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အပါအဝင် အရပ်သားများနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ကနေဒါသံရုံးမှ ဆိုသည်။
၎င်းပြင် ရိုဟင်ဂျာများအပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာနေရာများသို့ ရွှေ့ပြောင်းခွင့်ပြုရန် ငြင်းဆိုခြင်းသည်လည်း လုံးဝ လက်ခံ၍ မရသော အခြေအနေဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ထပ်မံတောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအား လက်နက်များ၊ စစ်တပ်ဆိုင်ရာ ကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးနေခြင်းကို ချက်ချင်း ရပ်တန့်ရန် နိုင်ငံများ အားလုံးကို မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက တိုက်တွန်းပြောဆိုသည်။
