Homeသတင်းမတ်လအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူ ၃၀၀ ကျော်ဖမ်းဆီးခံရ

မတ်လအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူ ၃၀၀ ကျော်ဖမ်းဆီးခံရ

-

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးခံနေပြီး ယခု မတ်လအတွင်း ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိနေကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ စုစည်းထားသည့် အချက်အလက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်းအလုပ်ကိုင်ရှားပါးမှုနှင့် ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်လိုသည့် လူငယ်များ ထိုင်းနိုင်ငံသို့ ဝင်ရောက်မှုသိသိသာသာတိုးလာသည်။

လက်ရှိ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အယောက် ၃၀၀ ကျော်တို့တွင် အမျိုးသား ၂၀၀ ကျော်၊ အမျိုးသမီး ၈၀ ကျော် နှင့် ကလေး ၂၀ ဦး ပါဝင်ကြောင်း ထိုင်းသတင်းအရင်းအမြစ် အချက်လက်တို့အရ သိရသည်။

တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာလုပ်သားတို့ကို ကုန်းကြောင်းလမ်းအပြင် ရေကြောင်းလမ်းမှတစ်ဆင့်လည်း ဖမ်းဆီးရမိနေသည်ဟု သိရသည်။

ထို့အပြင် ဖမ်းဆီးရမိသူတို့ကို ထိုင်းအာဏာပိုင်တို့က ၇ ရက်ဝန်းကျင်ခန့် ထိန်းသိမ်းထားပြီး မြန်မာနယ်စပ်ဘက်သို့ပြန်လည်ပို့ဆောင်ပေးသည်ဟု ထိုင်းနိုင်ငံ-မြန်မာသွားလာရေး ဝန်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။

“သူတို့တင်းကျပ်ထားပေးမဲ့ ဝင်လို့ရတဲ့သူကရသွားတစ်ချို့က ဖမ်းခံထံ အဖမ်းခံထိတဲ့သူတွေက အလွန်ဆုံးတစ်ပတ်လောက်ဘုရားသုံးနယ်စပ်ပြန်ပို့ပေးတယ်။ အဲ့တာနဲ့တစ်ချို့ကပြန်ဝင်ကြတယ်။ အချို့ကဖမ်းခံထိတော့ပြန်မဝင်တော့ဘူး” ဟု ၎င်းကဆိုသည်။

၎င်းအပြင် ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဘုရားသုံးဆူနယ်စပ် စံခလယ်)မြစ်မှ ဝင်လာသည့် မြန်မာနိုင်ငံသား ၃၅ ဦးတို့ကို စံခလပူရီအာဏာပိုင်တို့က ဘုရားသုံးဆူမြို့ မွန်ရွာဟောင်းတွင် ဖမ်းဆီးရခဲ့သည်။

“ဘုရားသုံးဆူမှာပဲ တစ်နေ့တစ်နေ့ နည်းနည်းနှောနှော မဟုတ်ဘူး သောင်တင်နေကြတာပေါ့ ဝင်ရတာကလည်း အစုအပြုံဝင်မရဘူးလေ တရားမဝင်ဆိုတော့။ အထက်ဗမာတွေလည်းဒီမှာပိတ်မိနေကြတယ်။ အခုဆို ပတ်စပို့ရှိတဲ့ သူတွေတောင်သွားလာခက်နေတာ”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။

ထို့ကြောင့် ကန်ချနဘူရီခရိုင် စံခလပူရီမြို့နယ်( ဝင်ကကျေးရွာ) သည် မြန်မာနိုင်ငံသားများ တရားမဝင်ဝင်ရောက်ရာ အဓိကလမ်းဖြစ်သဖွယ် ဖြစ်နေသဖြင့် ထိုင်းအာဏာပိုင်တို့က လုံခြုံရေးတင်းကြပ်လျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့မြန်မာနိုင်ငံသားများ တရားမဝင်ဝင်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီထာထဝီဆင်က ဖေဖော်ဝါရီ ၁၉ ရက်နေ့က သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ စစ်ဆေးရေးဂိတ်နှင့် နယ်စပ်ဂိတ်တို့တွင် လုံခြုံရေးများတိုးမြှင့်ချထားသလို ဖြတ်သန်းရာတွင်လည်း ခိုင်လုံသည့် အထောက်အထားပြသနိုင်မှသာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts