မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာတွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သထုံမြို့နယ်၊ ကျုံပါကျေးရွာနေ အသက် ၂၇ နှစ်အရွယ် မောင်ဝင်းထွန်းသည် ညနေ ၅ နာရီအချိန်ခန့်က သထုံမြို့တွင်းဘက်သို့ ကွန်ပြူတာတက္ကသိုလ် (သထုံ) သွားသည့်လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် “ပြည့်ဖြိုးဝေ” မုန့်ဆိုင်အနီးအရောက်တွင် အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် သေနတ်သမားနှစ်ဦးတို့က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်ဝင်းထွန်းသည် ဘယ်ဘက်နားထင်၊ ဘယ်ဘက်မျက်ခုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားခဲ့သည့်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ဒေသခံတို့၏ အဆိုအရ မောင်ဝင်းထွန်းသည် ကျုံပါကျေးရွာတွင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ပြီး မည်သည့်အဖွဲ့အစည်းနှင့် ပတ်သက်မှုမရှိပဲ အေးဆေးနေသူတစ်ဦးဖြစ်သည်။
မောင်ဝင်းထွန်းကို ၎င်းအစ်ကို စစ်တပ်ထောက်တိုင် ကိုသားငယ်နှင့် မှားယွင်း ပစ်ခတ်ခဲ့သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဒေသတွင်းမီဒီယာတွေကို ဖြေကြားထားသည်။
သို့သော် အဆိုပါ မှားယွင်းပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစုံတရာထုတ်ပြန်လားခြင်းမရှိသေးပေ။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် မောင်ဝင်းထွန်း၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာမှ ညီဖြစ်သူ ဦးမင်းမင်းကို သေနတ်သမားတို့က လာရောက်ပစ်ခတ်ရာ ဦးမင်းမင်းကို မထိပဲ လေဖြတ်နေသည့် အစ်ကိုဖြစ်သူကို ထိမှန်သေဆုံးသွားခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။
သထုံမြို့နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူတွေကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိပြီး စစ်ကောင်စီနှင့် မသက်ဆိုင်ပဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။
