မွန်ပြည်နယ်တွင် ခရီးသွားလာလိုသူတို့အနေဖြင့် ခရီးသွားမှတ်တမ်းဖြည့်ပြီး သက်ဆိုင်ရာ ရပ်ကွပ်အုပ်ချုပ်ရေးမှုးရုံးမှ ရပ်ကွက်ထောက်ခံစာပြနိုင်မှသာ ကားလက်မှတ်ရောင်းချပေးနေကြောင်း ခရီးသွားလာနေသူတို့ထံမှ သိရသည်။
ယခင်က နိုင်ငံသားစိစစ်ရေးကဒ်တစ်ခုဖြင့် သွားလာနိုင်သော်လည်း မတ်လ ၂၀ ရက်နေ့မှစပြီး ခရီးသွားလာခွင့်ကို ယခုကဲ့သို့ထပ်မံတင်းကြပ်ထားသည်ဟု မော်လမြိုင်ဒေသခံတစ်ဦးက ဆိုသည်။
“နယ်ဘက်မှာကတော့လုပ်ဆောင်တာကမရှိသေးဘူး မော်လမြိုင်ကနေရန်ကုန်ကိုသွားဖို့ မန္တလာမင်းမှာ ကား လက်မှတ်ဝယ်တော့ မွန်ပြည်နယ်ကသူတွေသွားမယ်ဆိုရင် သက်ဆိုင်ရာကိုယ်နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ယူပြီးမှ အဲ့တာပါလာမှ ရောင်းပေးမှာတဲ့ အခြားဂိတ်တွေက တော့မသိဘူး" ဟု ဆိုသည်။
ခရီးသွားမှတ်တမ်းဖြည့်သွင်းရာတွင် ကိုယ်ရေးအချက်အလက် အပြည့်အစုံပါသည့် စာနှစ်စောင်ကိုရေးသွင်းရမည်ဖြစ်ပြီး ထွက်ခွာသည့် ဂိတ်နေရာတွင်တစ်စောင် ဆိုက်ရောက်ရာနေရာတွင်တစ်စောင် ပေးရမည်ဟု သိရသည်။
သို့သော် မော်လမြိုင်မှလွဲ၍ အခြားမြို့နယ်တို့တွင် သက်ဆိုင်ရာမှ ကားလက်မှတ်အရောင်းဌာနတို့ကို တရားဝင်ညွှန်ကြားထားခြင်း မရှိသည့်သေးအတွက် မူရင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများလည်း ယာဉ်လက်မှတ်ရောင်းချပေးနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ခရီးသွားလာသူများကို ယခုလို့အချက်အလက်နှင့်တကွ ကန့်သတ်နေခြင်းသည် လူငယ်များကို အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုရန် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း မြို့ခံတို့ကြား ဝေဖန်ပြောဆိုနေကြသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် ၁၁/ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတို့ကို စစ်ကောင်စီက ခရီးသွားခွင့်ပိတ်ပင်ထားပြီးနောက် ရခိုင်ပြည်နယ်မှတ်ပုံတင်မဟုတ်သူတို့ကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာလက်မှတ်ပါမှ ရောင်းချရန် ညွှန်ကြားမှုအချို့လုပ်ဆောင်လာကြောင်း သိရသည်။
