spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနွေသံပုရာသီး ထွက်နှုန်းလျှော့ကျမှုကြောင့် ဈေးကောင်းရရှိနေ

    နွေသံပုရာသီး ထွက်နှုန်းလျှော့ကျမှုကြောင့် ဈေးကောင်းရရှိနေ

    -

    ယခုနှစ် နွေသံပုရာသီး အထွက်နှုန်းလျော့ကျမှုကြောင့် မွန်ပြည်နယ် ရေးမြို့နယ်မှ ထွက်ရှိသည့် နွေသံပုရာသီးများ ဈေးကောင်းရနေသည်ဟု သံပုရာသီးစိုက် တောင်သူတို့ထံမှ သိရသည်။

    ရာသီဥတုပိုမိုပူပြင်းခြင်း၊ ရေခန်းခြောက်မှုပိုများခြင်းကြောင့် ယခင်နှစ်ထက် အထွက်နှုန်းလျော့ကျ နေသည်ဟု ရေးမြို့နယ် ကျောင်းရွာကျေးရွာမှ သံပုရာသီးစိုက် တောင်သူတစ်ဦးကဆိုသည်။

    “ရာသီဥတု ပူပြင်းလို့ နွေသံပုရာသီးထွက်နှုန်း နည်းတယ် ဒီကြားထဲ ဈေးကောင်းနေတဲ့ ပုံစံပေါ့ ၊မိုးရာသီမှ ထွက်နှုန်းများတယ် အလုံးလည်းကြီးမယ် ဒီနှစ်ကျတော့ ထွက်လည်းနည်းတယ် အလုံးကလည်း သေးတယ် ”ဟု ဆိုသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလက သံပုရာသီး အလုံးသေးတစ်လုံးလျှင် ၁၅၀ ကျပ်နှင့် သံပုရာသီး အလုံးကြီး တစ်လုံးလျှင် ၁၈၀ ကျပ်နှင့် ၂၀၀ ကျပ်ကြား ပေါက်ဈေးရှိခဲ့ရာ ယခုမတ်လအတွင်း သံပုရာသီး တစ်လုံးလျှင် ၂၃၀ ကျပ်မှ ၂၄၀ ကျပ်ထိ ဈေးကောင်းရရှိကြောင်း သိရသည်။

    ထို့အပြင် ထိုင်းမြန်မာနယ်စပ် ကန်ချနပူရီပြည်နယ်၊ စံခလပူရီနှင့် ဘုရားသုံးဆူဒေသတွင် သံပုရာသီးတစ်လုံး ထိုင်းဘတ်ငွေ ၅ ဘတ်ဖြင့်ရောင်းချလျှက်ရှိရာ မြန်မာငွေ ၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    လက်ရှိ ရေးမြို့နယ် သံပုရာခြံမှ တစ်ပင်လျှင် အလုံးရေ ၁၀ လုံးနှုန်းသာ ထွက်ရှိနေပြီး တချို့ အသီးမသီးသည့် အပင်တို့လည်း ရှိနေကြောင်း သံပုရာသီးတောင်သူတို့က ဆိုသည်။

    ထို့ကြောင့် ဈေးကောင်းရရှိသည့် ကာလဖြစ်သော်လည်း အထွက်နှုန်း နည်းလွန်းနေခြင်းကြောင့် သွင်းအားစုစရိတ်ကိုမကာမိကြောင်း ၎င်းသံပုရာတောင်သူက ဆိုသည်။

    “ သံပုရာသီးဈေးကောင်းလည်း ထွက်နှုန်းလျှော့ကျတယ်ဆိုတော့ သိပ့်ပြီး တွက်ခြေမကိုက်ဘူးပေါ့၊ ဓာတ်မြေသြဇာလည်း ဈေးတက်နေတယ် အရင်က ပုလဲဓာတ်မြေသြဇာ တစ်အိတ်ကို သုံးသောင်းလောက်ပဲရှိတယ် အခုက တစ်အိတ်ကို ၆သောင်း ဖြစ်သွားပြီး ဈေးတစ်ဝက်တောင် တက်သွားတယ် မြတ်ရိတ်ဖို့ အလုပ်သမားကို ငှားရင်လည်း တစ်ရက်မှာ ၃သောင်းခွဲတောင်ပေးထားရတယ် ”ဟု ဆိုသည်။

    ရေးမြို့နယ်မှ သံပုရာသီးအထွက်နှုန်းလျော့နည်းသော်လည်း ဈေးကွက်ပြတ်လတ်မည်ကို မစိုးရိမ်ရကြောင်း သံပုရာသီးအဝယ်ဒိုင်တို့ထံမှ သိရသည်။

    ရေးမြို့နယ်တွင် သံပုရာသီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စိုက်ပျိုးရေးလုပ်ငန်းမှ တစ်ခုဖြစ်ပြီးသံပုရာသီးရာသီတွင် အလုံရေးသန်းနှင့်ချီ ထွက်ရှိနေကြောင်း သိရသည်။

    အချဉ်စူးခြင်း၊ အနံ့မွှေးခြင်း၊ အသီးလှခြင်းတို့ကြောင့် ရေးဒေသထွက်သံပုရာသီးကို အဓိက လူကြိုက်များလျှက်ရှိပြီး မော်လမြိုင်နှင့် ရန်ကုန်အပြင် ထိုင်းနိုင်ငံသို့လည်း အဓိကတင်ပို့လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks