Homeသတင်းထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်အရေအတွက် ပိုမိုများလာ

ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်အရေအတွက် ပိုမိုများလာ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူအရေအတွက် ယခင်ထက်ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်နေရသူ ၂၀၀၀ သာရှိခဲ့ပြီး ယနေ့ မတ်လ ၄ ရက်နေ့ စာရင်းများအရ ၇၀၀၀ ဝန်းကျင်အထိ တိုးလာကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

တိုက်ပွဲများကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ဝကုန်း၊ ပခပ်၊ သင်္ကန်းတုန်း၊ လိပ်ကြယ်ပြောင်၊ ဘဝပင်၊ ဟိန္ဒားနှင့် ပကာရီ၊ ရွှေချောင်း၊ ကထောင်းနီ၊ ပျဉ်သားတောအပါအဝင် အနည်းဆုံး ကျေးရွာ ၁၂ ရွာမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြရသည်။

စစ်ရှောင်အရေးကူညီနေသူတစ်ဦးက “တိုက်ပွဲက ပြန်ပြင်းထန်လာတာပေါ့နော် ပြီးခဲ့တဲ့ရက်က စစ်တပ်က စစ်ကြောင်းပြန်ထိုးတော့ နေရပ်ပြန်နေတဲ့ရွာကလူတွေပါ ပြန်တိမ်းရှောင်ရတယ်။ အဓိကကတော့ လေကြောင်း ပစ်ခတ်မှာကို စိုးရိမ်လို့ရှောင်ကြတာပါ။ တချို့ကတော့ အရင်လို ရွာနဲ့အနီးနားမှာပဲရှောင်ကြတာရှိတယ်။ တချို့ကလည်း ထိုင်းဘက်ခြမ်းအထိ ပြေးကြတာရှိတယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြသူ ၄၀၀ ခန့်ရှိခဲ့သော်လည်း ထိုင်းဘက်က လက်မခံခဲ့သောကြောင့် အနီးနားရှိ ရွာတစ်ရွာတွင် စစ်ဘေးရှောင်နေရသူများလည်း ရှိနေသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထားဝယ်-ထီးခီးလမ်းမှ ထားဝယ် အရှေ့တောဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တိုဴက တိုက်ခိုက်ခဲ့ရာ စစ်ကား ၁၂ စီးခန့်ပျက်စီးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် KNU ပူးပေါင်းတပ်များကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေခြင်းလည်း ဖြစ်သည်။

အာဏာသိမ်း ၃ နှစ်ကာလအတွင်း တနင်္သာရီတိုင်းတွင်  နေရပ်စွန့်ခွာထွက်ပြေးရသူ ၆ သောင်းနီးပါး ရှိကြောင်း FE5 Tanintharyi အဖွဲ့၏ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts