မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောရွာ အထက်တန်းကျောင်းအနောက်ဘက်ရှိ ရော်ဘာခြံတွင် ၁ နှစ်ကျော်ကြာဖွင့်လှစ်ခဲ့သည့် လောင်းကစားဝိုင်းကို နေရာသစ်သို့ ပြောင်းရွေ့ဖွင့်လှစ်ထားကြောင်း သိရသည်။
လက်ရှိ လောင်းကစားဝိုင်းကို ချောင်းဆုံမြို့နယ် ကုလားဘီရွာနှင့် တကူပတီရွာကြားရှိ ရော်ဘာခြံသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြောင်းရွေ့ဖွင့်လှစ်လိုက်သည်ဟု ချောင်းဆုံမြို့ခံတစ်ဦးက ဆိုသည်။
" အခုက ကုလားဘီဘက်က တကူပတီရောဘာခြံဘက် ရောက်သွားတာ။ သက္ကောမှာက ကလေးတွေစာမေးပွဲဖြေဖို့ရှိတယ်လေ။ အဲ့နားမှာကစာသင်ကျောင်းရှိတယ်ဆိုတယ်လေ။ အဲ့ဒါကြောင့် ခေတ္တခဏပြောင်းသွားတာဖြစ်မယ်။ သက္ကောမှာက နေရာတွေသေသေချာချာလုပ်ထားတာလေ စာမေးပွဲပြီးရင် ပြန်ပြောင်းကြမယ်ထင်တယ်" ဟုဆိုသည်။
ယခု ကစားဝိုင်ကို မော်လမြိုင်သူဌေးမင်းနိုင်ဦးဆိုသူမှ ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းဖြစ်ပြီး စရဖ ၊ ထွေအုပ်တို့က ပူးပေါင်းပြီး ကြီးကြပ်နေသည်ဟု ၎င်းချောင်းဆုံမြို့ခံက ဆက်ပြောသည်။
" ဘောစိဘောစိဆိုပြီး မော်လမြိုင်ကသူဌေးမင်းနိုင်ဦးဆိုသူကဖွင့်ထားတာ။ သူက မွန်ပြည်နယ်ကတပ်ရင်းမှူးတို့ဘာတို့နဲ့ အကုန်ပြီးတယ်ဆိုတော့လေ အခုဖွင့်တာကမွန်ဝန်ကြီးချုပ်ညီမနဲ့ ဘာမဆိုင်ဘူး။ လူတွေကပြောယူကြတာပဲ" ဟုဆိုသည်။ အဆိုပါလောင်းကစားဝိုင်းတွင် အနီထောင် ၊ ဖဲ၊ ဂလုတ်ဂလုတ် နှင့် ကြက်ဝိုင်းတို့ရှိပြီး ချောင်းဆုံမြို့အနီးရှိ မော်လမြိုင်၊ ဇာသပြင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့အပြင် အနယ်နယ်အရပ်မှ လာရောက်ကစားနေကြကြောင်း သိရသည်။
လောင်းကစားဝိုင်းကြောင့် ရပ်ကွက်အတွင်း ခိုးဆိုလုယက်မှု ပိုမိုများပြားလာသကဲ့သို့ လူသတ်လုယက်သည်အထိ ဖြစ်ပွားလာမည်ကိုလည်း ဒေသခံတို့ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတို့တွင် လောင်းကစားဝိုင်းများ ပိုမိုများပြားလာသည့်အပြင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြကြောင်း သိရသည်။