spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရာမညတပ်ခေါင်းဆောင်အပါ ၁၀ ဦး လက်နက်များနှင့်တကွ မွန်ပြည်သစ်ပါတီနှင့် လာပူပေါင်း

    ရာမညတပ်ခေါင်းဆောင်အပါ ၁၀ ဦး လက်နက်များနှင့်တကွ မွန်ပြည်သစ်ပါတီနှင့် လာပူပေါင်း

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၄။

    ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ဗညားအပါအဝင် ၁၀ ဦးတို့က လက်နက်ခဲယမ်းများနှင့်တကွ မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ လာရောက်ပူးပေါင်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီသတင်းများကို ရေးသားဖော်ပြနေသည့် မွန်ပြည်သစ်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

    ရာမညတပ်ဖွဲ့နှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့တို့ကြား ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာမညတပ်ဘက်က တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးသွားခဲ့သည်။

    တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေဖြူဒေသခံတစ်ဦးက “ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်သွားလဲဆိုတာကတော့ မကြားထားဘူး။ ရာမညတပ်ဘက်က နှစ်ယောက်ကျသွားတာတော့ ကြားတယ်။ တစ်ယောက်က ပေါင်မှာ ဒဏ်ရာရသွားတယ်။ အဲလောက်ပဲ ကြားထားတယ်၊ ကျန်တာ မကြားမိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ နဲ့က နည်းနည်းဝေးတယ်လေ” ဟု ပြောသည်။

    တိုက်ပွဲအတွင်း ရာမညတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်နှစ်ဦးအပြင် သေနတ်နှစ်လက်လည်း ဆုံးရှုံးခဲ့ရပြီးနောက် မွန်ပြည်သစ်ပါတီနှင့် လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

    ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ဗညားနှင့် တပ်ဖွဲ့ဝင် ၉ ဦတို့သည် သေနတ် အတို၊ အရှည် ၇ လက်၊ ကျည်ဆံ၊ ကျည်ဘောက်များနှင့်အတူ မွန်ပြည်သစ်ပါတီထံ လာရောက်ပူးပေါင်းခဲ့သည်။

    မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက “အဲနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) မနက် ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကေအဲန်ယူနဲ့ပဲ တိုက်ပွဲဖြစ်သွားတာ။ ဘုရားသုံးဆူရွာ အနောက်ဘက် ထားဝယ်ရွာတစ်ရွာမှာ ဖြစ်သွားတယ်။ နိုင်ချမ်းအဖွဲ့(ရာမညတပ်ဖွဲ့) ဘက်က နှစ်ယောက်ကျဆုံးသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တိုက်ပွဲဖြစ်ပြီး ဟိုပြေး ဒီပြေးနဲ့ မွန်ပြည်သစ်ပါတီဆီကို လက်နက်လာချလိုက်တယ်။ ပြောရရင် ဒုက္ခ ရောက်သွားလို့ လက်နက်လာချလိုက်တာပါ။ ကေအဲန်ယူဘက်မှာ ထိခိုက်သေဆုံးတာ ရှိ၊ မရှိကိုတော့ မသိသေးပါဘူး” ဟု ပြောသည်။

    လက်ရှိတွင် ရာမညတပ်ခေါင်းဆောင် နိုင်ဗညားအပါအဝင် တပ်ဖွဲ့ဝင်များကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကောင်းမွန်စွာ စောင့်ရှောင်ထားသည်ဟု မွန်ပြည်သစ်သတင်းစဉ်က ရေးသားဖော်ပြထားသည်။

    ယင်းအခြေအနေနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ၊ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းတာဝန်ရှိတို့ကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

    ရာမညတပ်ဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်ကို တိုက်ဖျက်ရန်အတွက် နိုင်ချမ်းဦးဆောင်မှုဖြင့် ၂၀၂၁ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။

    ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က အမည်မသိ လက်နက်ကိုင်တို့၏ လုပ်ကြံမှုဖြင့် သေဆုံးသွားခဲ့သည်။

    နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရာမညတပ်ဖွဲ့ကို နိုင်ဗညားက ဆက်လက်ဦးဆောင်ခဲ့ပြီး ရေဖြူမြို့နယ်နှင့် ရေးမြို့နယ်တစ်ဝိုက်တွင် ဆက်လက်လှုပ်ရှားလာခဲ့သည်။

    ရာမညတပ်ဖွဲ့ အခြေချလှုပ်ရှားသွားလာနေသည့် နယ်မြေသည် မွန်ပြည်သစ်ပါတီအပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းတို့ကလည်း လှုပ်ရှားသွားလာနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks