လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
ရှမ်းပြည်နယ်၊ ဆီဆိုင် (သထုံးပေး) မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ပအိုဝ်အမျိုးသားချင်းချင်း တိုက်ခိုက်မည် မဟုတ်ကြောင်း ပအိုဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ပြော ဆိုခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဆီဆိုင်မြို့နယ် မြောက်ပိုင်းတစ်နေရာ၌ လုံခြုံရေးကင်း လှည့်နေသည့် (PNLA) စစ်ကြောင်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက စနိုက်ပါများ၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်သဖြင့် ပြန်လည်ခုခံရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ဟု (PNLA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၂ လက်၊ ကား ၁ စီးနှင့် ခဲယမ်း ကျည်ဆံအချို့ သိမ်းဆည်းရမိခဲ့သည်ဟု (PNLA) ဘက်က ဆိုသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် အပေါင်းအပါ ပြည်သူ့စစ်များက ထွက်ပြေသွားပြီး လမ်းတလျှောက်ရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ကြောင့် ကျေးရွာအတွင်းရှိ ပြည်သူလူထုများ ထိန့်လန့် ထွက်ပြေးခဲ့ရသည်ဟု (PNLA) က ဆိုထားသည်။
ထို့ကြောင့် (PNLA) အနေဖြင့် ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မည်မဟုတ်သလို ပအိုဝ်းဒေသအား နှစ်ပေါင်းများစွာ နှိပ်စက် ဖျက်ဆီးလာခဲ့သည့် စစ်အာဏာရှင်အတွက် အသက်ပေးကာ ပအိုဝ်းအမျိုးသားအချင်းချင်း ပြန်လည်တိုက်ခိုက်နေသည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအနေဖြင့် လေးလေးနက်နက် စဥ်းစားပြီး အမျိုးသားလလွတ်မြောက်ရေး လမ်းကြောင်းပေါ် ကူးပြောင်းကြရန် (PNLA) က တိုက်တွန်းထားသည်။
(PNO) ပအိုဝ်း လက်နက်ကိုင်အဖွဲ့သည် ၁၉၉၁ က စစ်တပ်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) အဖြစ် အသွင်ပြောင်းခဲ့သလို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အမည်ဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ပအိုဝ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ စံဖူး (လုံးဟီး) ကျေးရွာတွင် (PNLA) ၏ ယာဥ်ကြောင်းကို ပိတ်ဆို့ဟန့်တားခြင်းကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် (PNO) တပ်ဖွဲ့တို့နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာမှ လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး တင်းမာလျှက်ရှိကြောင်း သိရသည်။