spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

    ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အစာငတ်ခံ ဆန္ဒပြနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

    နိုင်ငံရေးအကျဉ်းသားများက အကျဉ်းထောင်ရှိ အကျဉ်းသူ/သားများ ထိန်းသိမ်းစဉ်၊ စုံစမ်းမေးမြန်းစဉ်နှင့် အပြစ်ပေးအရေးယူသည့်ကာလတို့တွင် တရားလက်လွန် ဆောင်ရွက်ခြင်းများ မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနှင့် အညီဆောင်ရွက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အလွယ်တကူရရှိနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီမှစကာ အစာငတ်ခံပြီး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

    အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံထောက်ခံသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးတို့ကလည်း အကျဉ်းထောင်မှပေးသည့် အစားအသောက်များကို စားသောက်သုံးစွဲခြင်းမပြုဘဲ တောင်းဆိုမှု့တွင်ပူးပေါင်း ပါဝင်နေကြောင်း PPNM ထံမှ သိရသည်။

    အစာငတ်ခံသည့်ရက်အနည်းငယ်ကြာမြင့်လာသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်နေရကြောင်း ထောင်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုကြောင်းကို PPNM ကကိုးကား ထုတ်ပြန်ထားသည်။

    PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “အဓိကက အကျဉ်း ၂ ယောက်ကို ခေါ်ထုတ်သွားတယ်။ ခေါ်ထုတ်သွားပြီး ပြန်ရောက်မလာတာကနေ ဖြစ်တာပါ။ အဲဒီအကျဉ်းသားတွေ ပြန်ရောက်ရေးပေါ့နော်။ အကျဉ်းသား ၂ ယောက်ကတော့ ကျန်းမာရေးကောင်းတယ်လို့ သိရတယ်။ ကျန်းမာရေးမကောင်းတာက လက်ရှိ အစာငတ်ခံဆန္ဒပြနေတဲ့ ၄၇ ဦးက ကျန်းမာရေးစိုးရိမ်နေရတယ်ပေါ့နော်။ ဆေးရုံတင်ရတာမျိုးတော့မရှိသေးပါဘူး” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကျိုက်မရောအကျဉ်းထောင်တွင် အကျဉ်းသားများ လက်ကိုင်ဖုန်းသုံးဆွဲသည်ဟုဆိုကာ ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အကျဉ်းထောင်တွင်း အတင်းအတင်းအဓမ္မဝင်ရောက်ပြီး ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

    ယင်းနောက် လက်ကိုင်ဖုန်းနှစ်လုံးတွေ့သည်ဟုဆိုကာ အကျဉ်းသားများကို ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း PPNM က ဆိုထားသည်။

    ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန် အကျဉ်းထောင်ပိတ်ချိန်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၂ ဦးကို အကြောင်းပြချက်မရှိပဲ ခေါ်ဆောင်ရိုက်နှက်ကာ အကျဉ်းထောင်တိုက်ထဲသို့ ပို့ဆောင်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီးနောက် ထောင်တွင်း၌ ယခုလို အစာငတ်ခံဆန္ဒပြ တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

    စုံစမ်းစစ်ဆေးမှု ခံယူနေသည့် အကျဉ်းသား ၂ ဦး၏ နေ့စဉ်ကျန်းမာရေးကို စစ်ဆေးပေးရန်၊ အကျဉ်းတိုက် မဟုတ်သောအခြားသင့်လျော်စွာနေရာသို့ အမြန်းဆုံးပြောင်းရွှေ့ပေးရန်၊၊ စုံစမ်းစစ်ဆေးမှုပြီးဆုံးသည်နှင့်တစ်ပြိုက်နက် မူလနေထိုင်ရာအဆောင်သို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးရန်၊ အကျဉ်းသူ/သားများကိုခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရန်လည်း နိုင်ငံရေးကျဉ်းသားတို့က တောင်းဆိုထားကြသည်။

    ပြည်သူလူထုများ၊ သပိတ်အင်အားစုများ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ကျိုက်မရောအကျဉ်းထောင်တွင်း အစာငတ်ခံတိုက်ပွဲဝင်နေကြသည့် နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံပေးရန် PPNM က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်သည့် ကိုရာရှင်(ခ)ဟာရှင်နှင့် ကိုပြည့်ဖြိုးအောင်တို့ ၂ ဦး လုံလောက်သည့်ဆေးကုသမှုမရရှိသည့်အတွက် သေဆုံးသွားခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks