Homeသတင်းမွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ဟံသာကို “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်းသွားမည်

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ဟံသာကို “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်းသွားမည်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၂၊၂၀၂၄။

မွန်ပြည်သစ်ပါတီဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ဟံသာကို ပြည်တွင်းနှင့် နိုင်ငံတကာ မွန်အသင်းအဖွဲ့များ ဦးဆောင်ပြီး “ဝီရဟံသာ” ဆုတံဆိပ်တော်အပ်နှင်းသည့် အခမ်းအနားတစ်ရပ်ကို ကျင်းပပေးသွားမည်ဟု သိရသည်။

ဆုတံဆိပ်အပ်နှင်းသည့် အခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုဌာနချုပ်မှာ ကျင်းပသွားမည်ဟု မွန်ပြည်သစ်ပါတီထံက သိရသည်။

မွန်ပြည်သစ်ပါတီဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ဟံသာသည် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သာယာကုန်းကျေးရွာ လယ်သမားမိသားစု ဖခင်နိုင်ပမ်းနှင့် မိခင်ကြီး ဒေါ်ဇီတို့ မွေးဖွားလာခဲ့ပြီး မောင်နှမခြောက်ယောက်ထဲတွင် သုံးယောက်မြောက်သား ဖြစ်သည်။

နိုင်ဟံသာသည် မွန်ပြည်အသစ်တစ်ခု ပြန်လည်တည်ဆောက်ရန်၊ မွန်ပြည်သူတွေ ကျွန်ဘဝထဲကနေ လွတ်မြောက်ရန်အတွက် ရည်ရွယ်ချက်ကြောင့် သက္ကရာဇ် ၁၉၆၈ ခုနှစ်၊ မတ်လ သူ၏ အသက် ၂၀ အရွယ်တွင် ဇာတိမြေကို စွန့်ခွာပြီး တော်လှန်ရေးနယ်မြေ မွန်ပြည်သစ်ပါတီကို စတင်ဝင်ရောက် လာခဲ့သည်။

မွန်ပြည်သစ်ပါတီတွင် အမျိုးသားလွတ်မြောက်ရေးအတွက် တာဝန်ထမ်းဆောင်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ၁၀ ကြိမ်မြောက် ညီလာခံမှာ ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

နိုင်ဟံသာသည် တစ်ဖက်တွင် လက်နက်ကိုင်တော်လှန်ရေးလုပ်နေစဉ် တစ်ဖက်တွင် ဝတ္ထု၊ ပြဇာတ်၊ ဆောင်းပါး၊ သီချင်း စသည့် ပြည်သူတွေသိထားသင့်သည့် အကြောင်းအရာများကိုလည်း ကလောင်လက်နက်နှင့် ယနေ့အချိန်ထိ ရေးသားတင်ဆက်နေခဲ့သည်။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးနိုင်သူ၊ ဂုဏ်ဆောင်နိုင်မှု အမျိုးမျိုးများကြောင့် “ဝီရဟံသာ” ဆုတံဆိပ်တော်ကို အပ်နှင်းတာဖြစ်သည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာ မွန်အသင်းအဖွဲ့များက ပြောသည်။

ဇွဲ၊ သတ္တိ၊ လုံးလ၊ ဝီရိယ ရှိသည့် ဟၚ်္သာဟုဆိုသည့် “ဝီရဟံသာ” ဆုတံဆိပ်တော်ကို မကြာခင်အချိန်တွင် ကွယ်လွန်သွားခဲ့သည့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ထောမွန်ကို ပထမဦးဆုံး အပ်နှင်းပေးခဲ့တာဖြစ်ပြီး နိုင်ဟံသာကို ဒုတိယမြောက် အပ်နှင်းသွားမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts