Home သတင်း မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ထောင်ပြောင်းရွေ့နေ

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီက ထောင်ပြောင်းရွေ့နေ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၄၊၂၀၂၄။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ထောင်ပြောင်းရွှေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

ယနေ့နံနက် အာရုံဦးအချိန်မှစ၍ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ခန့်ကို မြိတ်အကျဉ်းထောင်မှ ကော့သောင်းအကျဉ်းထောင်သို့ ရွေ့ခဲ့ပြီး ဆက်လက်ပြောင်းရွှေ့ရန်လည်း ရှိနေသေးဟု ဆိုသည်။

PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “လောလောဆယ်မှာတော့ အကျဉ်းသားတွေကို လူဦးရေများလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ထုတ်တာပေါ့နော်။ တကယ့်မြေပြင်ကတော့ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်တာကြောင့် သူတို့တွေအနေနဲ့ ဒါအကျဉ်းသားတွေကို တစ်စုတစ်စည်းထဲထားလို့မဖြစ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိသားစုနဲ့ဝေးတဲ့ ထောင်တွေကို ပို့တယ်လို့ပဲ ကျွန်တော်တို့ မြင်တယ်” ဟု ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား အယောက် တစ်ရာခန့်ကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ယနေ့နံနက်အစောပိုင်းတွင် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းပြင် ကျန်နိုင်ငံရေးအကျဉ်းသားများလည်း ထပ်မံပြောင်းရွှေ့နိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေကြောင်း တပ်တွင်းသတင်းများထံမှ သိရသည်။

လက်ရှိတွင် မြိတ်အကျဉ်းထောင်တွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလျှက်ရှိပြီး ယနေ့ နေ့ခင်းပိုင်းနှင့် ညနေပိုင်းတွင် အသုတ်လိုက် ပြောင်းရွေ့မည်ဟု သိရှိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.