Homeသတင်းမော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွား

မော့ကနင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးမှုဖြစ်ပွား

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄။

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တို့က ယနေ့ (ဖေဖော်ဝါရီ ၁၃) ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ကြောင်း မော့ကနင်ဒေသခံတို့ထံမှ သိရသည်။

မော့ကနင်ကျေးရွာဈေးကို အုပ်ချုပ်ရေးမှုးဆိုသူက လှည့်လည်နေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့တို့က ကားသုံးစီးဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြောင်း မော့ကနင်ဒေသခံတစ်ဦးက ဆိုသည်။

“မနက်တုန်းက ၆နာရီလောက် မော့ကနင်ဈေးဘက်မှာ ကားသုံးစီးနဲ့ ဝင်လာကြတာ ကျေးရွာဥက္ကဌကိုလိုက်ဖမ်းဖို့ ဥက္ကဌကအရင်တွေ့တော့ ဈေးကြီးဘက်ထဲဝင်ရှောင်လိုက်တာ လူများနေတော့ အဲ့ကနေလွတ်သွားတာ သူက မနက်ပိုင်းဈေးလှည့်လည်နေချိန်မှာပေါ့”ဟု၎င်းကဆိုသည်။

မည်သည့် အကြောင်းကြောင့် ယခုလိုဝင်ရောက်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ခြင်းကိုမသိရသဖြင့် ရွာသားများ ထိတ်လန့်နေသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

“မနက်တုန်းကဈေးထဲဆိုတော့ နည်းနည်းတော့ထိတ်လန့်သွားကြတာပေါ့ ရွာသားတွေက စစ်တပ်ဘက်က ပေါ်တာဆွဲတယ်လို့ ထင်နေကြတယ်လေ၊ အခုအခြေအနေက အေးဆေးပါတယ်၊ သူတို့က ခဏပဲ ဝင်ပြီးပြန်ထွက်သွားတာ ပြန်ထွက်တုန်းကလည်း စစ်တပ်ဘက်ကို သေနတ်တစ်ချက်ပစ်လိုက်တာ စစ်ကောင်စီ ဘက်ကလည်း ဝင်ရောက်စစ်ဆေးတာလည်းမလုပ်သေးဘူး” ဟု မော့ကနင်ဒေသခံက ပြောသည်။

ထို့အပြင် မော့ကနင်အုပ်ချုပ်ရေးမှုးနေအိမ်မှ တော်လှန်ရေးတပ်ဖွဲ့တို့ ဆိုင်ကယ်နှစ်စီး ယူဆောင်သွားသည်ဟု ဆိုသော်လည်း လွပ်လပ်သောမွန်သတင်းအေဂျင်စီမှ အတည်မပြုနိုင်သေးပေ။

လက်ရှိ မော့ကနင်းကျေးရွာအုပ်ချုပ်ရေးမှုးသည် စစ်အာဏာသိမ်းသည့်နှစ်မှစပြီး အုပ်ချုပ်ရေးမှုးတာဝန်ထမ်းဆောင်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတို့ကိုလည်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ မကြာခဏ ပစ်သတ်ခံရသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်နှင့် သာမန်အရပ်သားပြည်တို့ ဖမ်းဆီးခံရမှုလည်း မကြာခဏဖြစ်ပွားလျှက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးကို တောင်ညိုစစ်ကြောင်း(KNLA+PDF) အဖွဲ့မှ ဝင်ရောက်ဖမ်းဆီးထားပြီး ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

May be an image of temple and text

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts