Home သတင်း စစ်မှုမထမ်းမနေရဥပေဒသည် လူငယ်များကိုတရားမဝင်လမ်းကြောင်းမှ ပြည်ပသို့ထွက်ခွာရန် တွန်းပို့နေ

စစ်မှုမထမ်းမနေရဥပေဒသည် လူငယ်များကိုတရားမဝင်လမ်းကြောင်းမှ ပြည်ပသို့ထွက်ခွာရန် တွန်းပို့နေ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၁၂၊ ၂၀၂၄။

အာဏာသိမ်းစစ်ကောင်စီမှ အသက်ပြန်သွင်းထားသည့် စစ်မှုမထမ်းမနေရဥပေဒသည် လူငယ်များကို တရားမဝင်လမ်းကြောင်းမှ ပြည်ပသို့ထွက်ခွာရန် တွန်းပို့နေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) အုပ်ချုပ်ရေးကော်မတီက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀) ရက်နေ့က စစ်ကောင်စီ နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ထုတ်ပြန်ထားပြီး စစ်မှုမထမ်းပါက ပြည်ပသို့ ထွက်ခွာချိန် နိုင်ငံကူးလက်မှတ်ထုတ်ပေးမည် မဟုတ်ကြောင်း ပြဌာန်းထားသည်။

၎င်းပြဌာန်းချက်ကြောင့် လူငယ်အများစု တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာမှု ပိုမိုများပြားလာမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC ) အုပ်ချုပ်ရေးကော်မတီမှ ဥက္ကဌ နိုင်မွန်စိုင်းက ဆိုသည်။

“ မွန်လူငယ်တွေ၊ အခြားလူမျိုးပေါင်းစုံက လူငယ်တွေက ဒီအသက်အရွယ်မှာဆို ထိုင်း၊ မလေးရှား နိုင်ငံမှာ အလုပ်သမားအနေနဲ့ သွားရောက်လုပ်ကိုင်နေကြတာများတယ်။ ဒါပေမဲ့ ဒီဉပဒေက ပြဌာန်းလိုက်တော့ နောက်ပိုင်းမှာဆို သူတို့နိုင်ငံခြားကို ထွက်ချင်ရင် စစ်တပ်ထဲအရင်ဝင်ပြီးမှ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာဆိုတော့ တော်တော်များများက ထိုင်းနိုင်ငံနှင့် မလေးရှား ဘက်ကို တရားမဝင်ဘက်မှ ဝင်ရောက်လာနိုင်ချေများမယ်လို့ ကျွန်တော်မြင်တယ်။” ဟုဆိုသည်။

လတ်တလောတွင် စစ်ကောင်စီတပ်ထဲ၌ လူအရင်းမြစ် လျော့နည်းလာသည့်အတွက် ဤဉပဒေကို ဖိအားပေးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတို့ သုံးသပ်ထားကြသည်။

ထို့ကြောင့် စစ်ကောင်စီက ဤဉပဒေကို ပြည်သူ့အကျိုးထက် မိမိတို့အကျိုးကို ပိုအလေးနက်ထား စဉ်းစားထုတ်ပြန်ထားခြင်းေကြာင့် တစ်နည်းတစ်ဖုံဖြင့် ရှောင်ရှားရန်လည်း နိုင်မွန်စိုင်းက ဆက်လက်တိုက်တွန်းထားသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ထဲကိုတော့ မဝင်သင့်ဘူး။ ဘယ်လိုပဲ ဖိအားပေးပေး ကျွန်တော်တို့ မွန်လူငယ်တွေအပြင် မွန်ပြည်နယ်မှာရှိတဲ့ အခြားလူငယ်တွေကို စစ်တပ်ထဲမဝင်မိအောင် တစ်နည်းတစ်ဖုံဆောင်ရွက်သင့်တယ်။ စစ်တပ်က နိုင်ငံတော်ကို ကာကွယ်နေတာမဟုတ်ဘူး၊ သူတို့လူမျိုးတစ်စု အာဏာရပ်တည်ရန်အတွက် သူတို့အပေါင်းပါတွေ လုပ်နေတာ ဖြစ်ပါတယ်။” ဟုဆိုသည်။

စစ်ကောင်စီတပ်ထဲကို ပူးပေါင်းပါဝင်မည့်အစား စစ်အာဏာရှင်ကို ဖြုတ်ချရန် တော်လှန်နေသည့် တော်လှန်ရေးတပ်ထဲကို ဝင်ရောက်ကြရန် ဆက်လက် တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ပြဌာန်းလိုက်ပြီး လိုအပ်သည့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို့ကို ဆက်လက်ထုတ်ပြန်သွာမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.