spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဘက်ပြောင်းလာသူများ လက်ရှိရာထူးအတိုင်း တာဝန်ထမ်းဆောင်စေမည်ဟု KNDF ထုတ်ပြန်

    ဘက်ပြောင်းလာသူများ လက်ရှိရာထူးအတိုင်း တာဝန်ထမ်းဆောင်စေမည်ဟု KNDF ထုတ်ပြန်

    -

    ဘက်ပြောင်းရေးအစီအမံအရ စစ်ကောင်စီတပ်မှ ဘက်ပြောင်းလာသည့် ရဲနှင့် စစ်သားများကို လက်ရှိရာထူးအတိုင်း တော်လှန်ရေးအစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရန် စီမံဆောင်ရွက်ပေးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

    ကရင်နီပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်သားများအနေဖြင့် စစ်အာဏာရှင်ကို အကာအကွယ်ပေးမည့်အစား တော်လှန်ရေးတွင်ပူးပေါင်းနိုင်ရန် ဘက်ပြောင်းရေးအစီအမံကို ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်သည်။

    စစ်ကောင်စီတပ်သားများအနေဖြင့် မိသားစုလိုက်ဖြစ်စေ တပ်ရင်းလိုက်ဖြစ်စေ တပ်ကိုစွန့်ခွာလာသူများကို တော်လှန်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုဆိုနေပြီး ဘက်ပြောင်းရေးအစီအမံအရ အကျိုးခံစားခွင့်များပေးမည်ဟုလည်း ဖော်ပြထားသည်။

    IEC ၏ ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ” ကျွန်တော်တို့လက်ရှိဘက်ပြောင်းလာတဲ့ သူတွေကို တော်လှန်ရေးနယ်မြေထဲမှာရှိတဲ့ လုံခြုံတဲ့ အထူးသဖြင့်လေကြောင်းရန်ကနေ လုံခြုံတဲ့ တောအုပ်တွေမှာ စခန်းတွေနဲ့ စုဖွဲ့ပြီးတော့ သူတို့အချင်းချင်းပဲ ပြန်လည်အုပ်ချုပ်စေတယ်။ ဥပမာဘက်ပြောင်းလာတဲ့ အရာရှိတစ်ယောက်က ဘက်ပြောင်းလာတဲ့ စစ်သည် ၁၅ ယောက် အယောက် ၂၀ ကို သူဦးဆောင်ပြီးတော့ စားရေးသောက်ရေး နေရေးထိုင်ရေးကို ကျွန်တော်တို့က စီစဥ်ပေးထားတယ်ပေါ့နော်။ ရှေ့ဆက်ပြီးတော့ သူတို့ကို ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ အဆင့်မြှင့်တင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

    လာမည့်ကာလတွင် တပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဉ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီ၏ တပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ကနဦးညှိနှိုင်းကာ သဘောတူညီမှုရရှိထားကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

    အဆိုပါ ဘက်ပြောင်းရေးအစီအမံကာလ တစ်လကျော်အတွင်း ကရင်နီ (ကယား)ပြည်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲမှူးကြီးရာထူးအပါအဝင် အရာရှိအချို့ ဘက်ပြောင်းလာကြောင်း သိရသည်။

    ထို့ပြင် တိုက်ပွဲအတွင်း လက်နက်ချဖမ်းဆီးခံသူများအားလည်း စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း KNDF က အသိပေးထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks