Homeသတင်းရေးကားလမ်းတလျှောက်တွင် PDF ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်လိုလို စစ်ဆေးမှုပြုလုပ်လာ

ရေးကားလမ်းတလျှောက်တွင် PDF ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်လိုလို စစ်ဆေးမှုပြုလုပ်လာ

-

မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းတလျှောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နေ့စဉ်လိုလို စစ်ဆေးမှု ပြုလုပ်လာသည်ဟု ဒေသခံနှင့် ခရီးသားပြည်သူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး အရှိန်မြှင့်တင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောဆိုလာပြီးနောက် ယခုလို စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။

ဒေသခံ ယာဉ်မောၚ်းတစ်ဦးက ရေးကားလမ်းတလျှေက်တွင် ယခုနှစ်ဆန်းပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။

“စစ်ဆေးတာတွေ များလာတယ်။ သူတို့(pdf) က စစ်တဲ့နေရာ အတိကျတော့ မရှိဘူး။ အခု ကနင်ကမော့ကနေ ဝဲခမိအထိ လမ်းတလျှောက်မှာ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာ စစ်တယ်။ ပြီးတော့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တွေကအစအကုန်လုံး စစ်လာတယ်” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။

၎င်းပြင် စစ်ဆင်ရေး အရှိန်မြှင့်တင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများ အသွားအလာသတိထားကြဖို့ကိုလည်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတို့က တိုက်တွန်းထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကလည်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ဇန်နဝါရီ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့မှ စစ်ဆင်ရေး အရှိန်မြှင့်တင်သွားမည်ဆိုပြီး မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောဆိုလာပြီးနောက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

ရေးမြို့နယ်၊ မော့ကနင်ဒေသခံတစ်ဦးက “အခု သူတို့ (PDF) က ဗမာစစ်သားတွေနဲ့ နီးနီးလေးပဲ နေလာကြတယ်။ ဗမာစစ်သားတွေက ခြံအထဲမှာရှိနေတယ်ဆိုရင် သူတို့က ခြံအပြင်ဘက်မှာ အဲ့လောက်အထိ နီးလာကြတော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစု ၁၂ ဖွဲ့ခန့် ပေါ်ပေါက်လာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts